top of page
Logo-Icon.png

ကြာအင်းဆိပ်ကြီးပုလိန်ရွာတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၂၀ ကျော် ထိခိုက်သေဆုံးပြီးနောက်ဇီးဖြူကုန်းစခန်းသို့အင်အားဖြည့်တင်းရောက်ရှိ၊တံတားများပြင်ဆင်ရန်စစ်ကြောင်းထပ်ထိုးနိုင်၍စစ်ရေးဆက်လက်တင်းမာနေ

9 hours ago
1 min read

ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၁၅ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ပုလိန်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့်သုံးရက်တာတိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ အနည်းဆုံး၂၀ ဦးကျော်ထိခိုက်သေဆုံးခဲ့ပြီးနောက်၊အဆိုပါစစ်ကြောင်းသည်မူလရည်မှန်းချက်အတိုင်းတံခွန်တိုင်ရှိဇီးဖြူကုန်းစစ်စခန်းသို့ ရောက်ရှိကာအင်အားဖြည့်တင်းပူးပေါင်းသွားပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်များနှင့်ဒေသခံများထံမှသိရသည်။


ပြီးခဲ့သည့်အောက်တိုဘာ၁၂ ရက်ညနေပိုင်းတွင်မွန်ပြည်နယ်၊ မုဒုံမြို့နယ်အခြေစိုက်အဘစ်အမြှောက်တပ်ရင်းဘက်မှတစ်ဆင့်တံတားပြင်ဆင်ရေးသုံးအင်ဂျင်နီယာပစ္စည်းများ၊လက်နက်ခဲယမ်း၊စက်သုံးဆီနှင့် ရိက္ခာများတင်ဆောင်လာသည့်မော်တော်ယာဉ်အစီးရေ ၅၀ ကျော်နှင့်လုံခြုံရေးလိုက်ပါလာသောခြေလျင်စစ်သည်အင်အား ၂၀၀ ကျော်ပါစစ်ကောင်စီစစ်ကြောင်းသည်ကြာအင်းဆိပ်ကြီးမြို့နယ်၊ခလယ်-တံခွန်တိုင်ဘက်သို့ စတင်ထိုးဖောက်ဝင်ရောက်လာခဲ့ရာမှပုလိန်ကျေးရွာအနီးအရောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များကကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှအောက်တိုဘာ၁၃ ရက်နှင့် ၁၄ရက်နေ့အထိနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါစစ်ကြောင်းလှုပ်ရှားမှုသည်ပုံမှန်တပ်အပြောင်းအလဲ (တပ်ချိန်း) ပြုလုပ်ခြင်းထက်မဟာဗျူဟာကျလမ်းပိုင်းစိုးမိုးရေးအတွက်အင်အားနှင့် ရိက္ခာဖြည့်တင်းသည့်စစ်ဆင်ရေးဖြစ်ကြောင်းစစ်ရေးနယ်မြေခံများက သုံးသပ်ထားပြီးဇီးဖြူကုန်းစခန်းသို့အင်အားဖြည့်တင်းပြီးနောက် မုဒုံ-ကျိုက်မရော-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူဆက်သွယ်ထားသည့် ပျက်စီးနေသောချောင်းနှစ်ခွတံတားနှင့်ဒါလီတံတားများကိုစစ်ကောင်စီကပြန်လည်ပြုပြင်ရန်စီစဉ်နေကာတံတားပြင်ဆင်ရေးအတွက်လုံခြုံရေးယူရန်စစ်ကြောင်းထပ်မံခွဲထွက်လာနိုင်သည့်အခြေအနေရှိနေကြောင်း သိရှိရသည်။


တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်းစစ်ကောင်စီတပ်၏လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့်သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့်ပုလိန်ကျေးရွာခံ ဆိုင်ကယ်စီးလာသည့်ဒေသခံလူငယ်တစ်ဦးနှင့်လမ်းဘေးတွင်ကားရပ်နားထားရသည့်ခရီးသွားပြည်သူ၂ ဦး၊ စုစုပေါင်းအရပ်သား ၃ ဦးကျည်ထိမှန်သေဆုံးခဲ့ရပြီး၊ခရီးသွားပြည်သူနှင့်လမ်းသွားလမ်းလာတချို့ကိုလည်း စစ်ကောင်စီကလူသားဒိုင်းသဖွယ်နေအိမ်တစ်နေရာတွင်ယာယီဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။


လက်ရှိအချိန်တွင်မုဒုံ-အဘစ်-ပုလိန်-တံခွန်တိုင်-ဘုရားသုံးဆူလမ်းပိုင်းတစ်လျှောက်ခရီးသည်တင်ယာဉ်များနှင့်ကုန်တင်ယာဉ်ရာနှင့်ချီ ပိတ်မိနေဆဲဖြစ်ကာ၊စစ်ကောင်စီစစ်ကြောင်းဖြတ်သန်းသွားခဲ့သည့်လမ်းဘေးဝဲယာနှင့်ရွာတွင်းနေရာများတွင်မိုင်းအန္တရာယ်ကြီးမားခြင်း၊စစ်ကောင်စီတပ်မှလက်နက်ကြီးများထပ်မံရမ်းသမ်းပစ်ခတ်နိုင်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များရှိနေဆဲဖြစ်သောကြောင့်စစ်ဘေးရှောင်ပြည်သူများအနေဖြင့်နယ်မြေရှင်းလင်းရေးအတည်ပြုချက်မရမချင်း ကျေးရွာအတွင်းသို့အလျင်စလိုနေရပ်မပြန်ကြသေးရန်ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကအထူးသတိပေးနှိုးဆော်ထားကြောင်းသိရသည်။



Comments


bottom of page