top of page
Logo-Icon.png

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် KIA တပ်ဖွဲ့ဝင်များက လူငယ် (၅) ဦးကို တပ်သားသစ် အဖြစ် ဖမ်းဆီး စုဆောင်းသွားကြောင်းဒေသခံများပြော

လွယ်ဂျယ် ၊ ဩဂုတ် ၃၁ ၊ Horizons



ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း တည်ရှိပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော နယ်စပ်မြို့တစ်မြို့ဖြစ်သည့် လွယ်ဂျယ်မြို့တွင် KIA တပ်ဖွဲ့ဝင်အချို့က ဒေသခံလူငယ် (၅) ဦးကို တပ်သားသစ်အဖြစ်ဖမ်းဆီးစုဆောင်းသွားခဲ့ကြောင်း မျက်မြင် ဒေသခံတစ်ဦးက Horizons News သို့ ယနေ့ (ဩဂုတ်လ ၃၁ ရက်) တွင်ပြောကြားခဲ့သည်။


အဆိုပါဖြစ်စဉ်မှာပြီးခဲ့သည့်ရက်ပိုင်းက လွယ်ဂျယ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ (၃၀ ရက်) မနက်ပိုင်း အချိန်က KIA တပ်ဖွဲ့ဝင် အချို့သည် ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားလျက် လူငယ် (၅) ဦးကို လမ်းဘေးတစ်နေရာတွင် ငုတ်တုပ်ထိုင်ခိုင်းထားကြသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်းအဆိုပါဒေသခံကဆိုသည်။


ယခင်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှ အရပ်သား လူငယ်များကိုတပ်သားသစ်အဖြစ် စုဆောင်းသည့် လုပ်ငန်းများကိုအဓိကအားဖြင့် ညအချိန်များတွင်သာ ပြုလုပ်လေ့ရှိခဲ့ကြသော်လည်း၊ ယခုနောက်ပိုင်း လပိုင်းများအတွင်း၌မူညအချိန်သာမကဘဲ မနက်ခင်းအချိန်ပိုင်းများတွင်ပါလူငယ်များကို ဖမ်းဆီးစုဆောင်းမှုများ ပြုလုပ်လာနေကြောင်းဒေသခံများကထောက်ပြပြောဆိုကြသည်။


မျက်မြင် ဒေသခံ တစ်ဦးက “ညဆွဲလို့ ပြည်သူတွေ သိပ်မထွက်တော့ဘူးလေ၊ အာ့ကို ခု နေ့လယ်ကြီး ဆွဲနေတာ။ လမ်းဘေးမှာထိုင်ခိုင်းထားတာ (၅) ယောက်လောက်တော့ ရှိတယ်။ လွယ်ဂျယ်ကျတော့ စစ်ရှောင်တွေ၊ ဗမာတွေ များတာလေ” ဟု လက်ရှိ အခြေအနေများကိုရှင်းပြခဲ့သည်။


လွယ်ဂျယ်မြို့သည် တရုတ် - မြန်မာ နယ်စပ်အနီးတွင် တည်ရှိသည့် မြို့တစ်မြို့ ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များအကြားမိုးမောက်မြို့နယ် တစ်ဝိုက်တွင်ပြင်းထန်သော တိုက်ပွဲများဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် အနီးအနားမှစစ်ဘေးရှောင် ပြည်သူအများအပြားမှာ အဆိုပါလွယ်ဂျယ်မြို့ဆီသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရသည်။


(Photo - Social Media)


Comments


bottom of page