"ကမ္ဘာကျော် ပေါ်ဆန်း" နဲ့ "ငစိန်ဆန်ကြမ်း"

နေပြည်တော်က အာဏာရူးအဘတွေဟာ တိုင်းပြည်ကို စောက်တလွဲအုပ်ချုပ်ပြီး မွဲပြာကျအောင် လုပ်ထားပေမဲ့ နိုင်ငံတကာမှာတော့ မျက်လှည့်ပြပြီး ဂုဏ်ယူစရာ ရှာတတ်လွန်းပါတယ်။ ကာတွန်းထဲမှာ အမျိုးသမီးတစ်ဦးက ဖုန်းလေးကြည့်ပြီး "မြန်မာ့ ပေါ်ဆန်းဆန်က အရည်အသွေး ကောင်းလို့၊ ကမ္ဘာ့အသိအမှတ်ပြု အကောင်းဆုံးဆန်ဆုရတာတဲ့" လို့ သတင်းဖတ်ပြနေပါတယ်။ အဘတို့ ဝါဒဖြန့်ယန္တရားကတော့ နိုင်ငံခြားမှာ ဆုရတဲ့ကိစ္စကို သူတို့ခေတ်မှာပဲ တိုင်းပြည်ကြီး သာယာဝပြောနေသယောင်ယောင် ကြံဖန် အမွှမ်းတင်ချင်နေတာပါ။
ဒါပေမဲ့ မြေပြင်က ပြည်သူတွေရဲ့ လက်တွေ့ဘဝကတော့ အဲဒီ ကမ္ဘာကျော်ပေါ်ဆန်းဆန်နဲ့ အဝေးကြီးမှာပါ။ယောင်းမကိုင်ထားတဲ့ အိမ်ရှင်မက ခေတ်ပျက်ကြီးရဲ့ အခါးသီးဆုံး အမှန်တရားကို ဖွင့်ချလိုက်ပါတယ်။ "ပြည်တွင်းမှာက ငစိန်ဆန်ကြမ်းနဲ့ ငါးပိတောင် အနိုင်နိုင်စားနေကြရတာကို ကြံဖန် ဂုဏ်ယူပြပြီ" လို့ ခနဲ့လိုက်တာပါပဲ။
ကုန်ဈေးနှုန်းတွေ အဆမတန် တက်၊ အလုပ်အကိုင်တွေ ရှားပါးပြီး စီးပွားရေးတွေ ပျက်ကပ်ဆိုက်နေတဲ့ အဘတို့ရဲ့ခေတ်ပျက်ကြီးထဲမှာ သာမန်ပြည်သူတွေခမျာ အကောင်းဆုံး ပေါ်ဆန်းဆန်ကို ဝယ်စားဖို့နေနေသာသာ အညံ့ဆုံးဆန်ကြမ်းနဲ့ ငါးပိလေးကိုတောင် ဝမ်းဝအောင် မနည်း ရုန်းကန်နေရတဲ့အခြေအနေကို ကွက်ကွက်ကွင်းကွင်း ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးထုတ်ကုန်တွေက နိုင်ငံခြားကိုတင်ပို့ပြီး အနည်းငယ်သော လူတန်းစားအတွက် အကျိုးအမြတ်ဖြစ်နေချိန်မှာ အောက်ခြေပြည်သူတွေကတော့ ထမင်းတစ်နပ်စာအတွက် သောကရောက်နေကြရပါတယ်။
ကိုယ့်ပြည်သူတွေ ထမင်းနပ်မှန်အောင် မစားရဘဲ ငတ်မွတ်ခေါင်းပါးနေချိန်မှာ နိုင်ငံတကာက ရတဲ့ ဆုလေးတစ်ခုနဲ့ အရှက်မရှိလေလုံးထွားပြီး ကြွားလုံးထုတ်နေတဲ့ အာဏာရူးစစ်အုပ်စုရဲ့ ယုတ်မာလှတဲ့ သရုပ်မှန်ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments