top of page
Logo-Icon.png

“ပြည်သူ့ဆန္ဒ”

2 days ago
1 min read

နေပြည်တော်က အာဏာရူးအဘတွေရဲ့တပ်ပျက်ကြီးဟာ မြေပြင်တိုက်ပွဲတွေမှာ အလူးအလဲ ရှုံးနိမ့်လာလေလေ၊ လက်နက်မဲ့ပြည်သူတွေအပေါ်မှာ မဲပြီး ယုတ်မာရက်စက်ပြလေလေ ဆိုတာကို ဒီကာတွန်းလေးက မြို့ပြနဲ့ကျေးလက် နှစ်ဖက်စလုံးရဲ့ အခြေအနေမှန်နဲ့ ယှဉ်ပြီးပြထားပါတယ်။


ကာတွန်းထဲမှာ နယ်ဘက်က လူငယ်လေးက ဖုန်းဆက်ပြီး "တို့နယ်မှာ အကြောင်းမဲ့ ဗုံးကြဲခံရ သတ်ဖြတ်ခံနေရတယ်" လို့ သူတို့ရင်ဆိုင်နေရတဲ့အနိဋ္ဌာရုံကို ရင်ဖွင့်လိုက်ပါတယ်။ဟုတ်ပါတယ်... စစ်ရေးအရ တော်လှန်ရေးတပ်ဖွဲ့တွေကို မယှဉ်နိုင်တော့တဲ့အဘတို့ဟာ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေပေါ်ကို အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲချ၊ စစ်ကြောင်းထိုးပြီး အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်နဲ့အမျှ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာ တစ်ကမ္ဘာလုံး အသိပါပဲ။


ဒါဆို စစ်ပွဲတွေနဲ့ဝေးတဲ့ မြို့ပေါ်မှာရော လုံခြုံမှုရှိရဲ့လားဆိုတော့ မြို့ပေါ်က လူငယ်ရဲ့အဖြေကလည်း ထူးမခြားနား ငရဲခန်းပါပဲ။ "တို့မြို့မှာ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခံရ ပေါ်တာဆွဲခံနေရတယ်" တဲ့လေ။မြို့ပေါ်မှာလည်း အဘတို့ရဲ့လက်ပါးစေတွေက ဧည့်စာရင်းအကြောင်းပြ၊ လမ်းသွားလမ်းလာတွေကို ဖုန်းစစ်၊ အကြောင်းမဲ့ဖမ်းဆီးပြီး သိန်းချီငွေညှစ်နေသလို၊ လူငယ်တွေကိုလည်း သူတို့အာဏာမြဲဖို့ အသေခံတပ်သားအဖြစ် နေ့ခင်းကြောင်တောင် ပေါ်တာဆွဲနေလို့ မြို့ပြနေပြည်သူတွေခမျာလည်း ကျီးလန့်စာစား ဘဝနဲ့ ရှင်သန်နေကြရပါတယ်။


ဒါကြောင့်လည်း နောက်ဆုံးမှာ လူငယ်နှစ်ယောက်လုံးက တစ်သံတည်း ထွက်လာတဲ့ အချက်ကတော့ "နေ့စဉ်ဘဝ ရင်ဆိုင်နေရတော့ ဂုတ်စီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေက အပြုတ်တီးချင်တာ မဆန်းပါဘူး" ဆိုတဲ့ စကားပါပဲ။


တောရောမြို့ပါမကျန် ပြည်သူတစ်ရပ်လုံးရဲ့ ဂုတ်ပေါ်တက်ခွပြီး သွေးစုပ်အနိုင်ကျင့်နေတဲ့ ဒီအကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေက ဆွေးနွေးညှိနှိုင်းဖို့ စိတ်ကူးလုံးဝမရှိတော့ဘဲ အမြစ်ပြတ် "အပြုတ်တီး" ချေမှုန်းပစ်ချင်နေကြပြီ ဆိုတဲ့ တစ်နိုင်ငံလုံးရဲ့ ဘုံဆန္ဒကို ပြသနေတဲ့ ကာတွန်းဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page