top of page
Logo-Icon.png

"တက်" နေတဲ့ ဒုက္ခတွေ၊ "ကျ" နေတဲ့ တပ်ပျက်ကြီး နဲ့ "တလရ" ရဲ့ ခရီးပန်းတိုင်

3 days ago
1 min read

နေပြည်တော်က အာဏာရူးအဘတွေရဲ့ စောက်တလွဲစီမံခန့်ခွဲမှုအောက်မှာ တိုင်းပြည်စီးပွားရေး ဘယ်လောက်ပျက်ပြီး စစ်ရေးမှာ ဘယ်လောက်အထိ အရှက်ကွဲအောင် ရှုံးနိမ့်နေသလဲဆိုတာကို "တက်" နဲ့ "ကျ" စကားလုံးနှစ်လုံးတည်းနဲ့ပုံဖော်ကြည့်လို့ရပါတယ်။


ကာတွန်းထဲက "တလရ" (တော်လှန်ရေး)ကားကြီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူတွေရဲ့စကားဝိုင်းက လက်ရှိမြေပြင်အခြေအနေကို မြင်သာအောင် မီးမောင်းထိုးပြနေပါတယ်။ပထမဆုံးအနေနဲ့ "ခရီး တထောက်သွားဖို့ စက်သုံးဆီဈေးက တက်၊ ဝမ်းတထွာ ဝလင်ဖို့ ကုန်ဈေးနှုန်းက တက်" လို့ ညည်းတွားလိုက်ပါတယ်။အဘတို့ခေတ်မှာ ပြည်သူတွေသွားရေးလာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီဈေးတွေကလည်း မိုးပေါ်ပျံတက်၊ နေ့စဉ် ထမင်းတစ်နပ် ဝမ်းဝဖို့အရေး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း အဆမတန်ထိုးတက်နေလို့ ပြည်သူတွေ အသက်ရှူကျပ်နေရတဲ့ အခြေအနေမှန်ပါပဲ။


ဒီလို အရာရာတိုင်းဈေးတက်နေတဲ့ ခေတ်ပျက်ကြီးထဲမှာ "ကျတာ ဘာရှိလဲ" လို့ မေးလိုက်တဲ့အခါ ပြန်ဖြေလိုက်တဲ့အဖြေကတော့ အဘတို့ရဲ့မျက်ခွက်ကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ "ကုန်ထုတ်လုပ်မှုနဲ့ တိုက်ပွဲတွေမှာ အမြဲတပ်လန်ကျနေတဲ့ စစ်အုပ်စု" တဲ့လေ။


ဟုတ်ပါတယ်... အဘတို့ရဲ့ခေတ်မှာ ပြည်သူအတွက် ကောင်းကျိုးပြုမယ့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေအားလုံးရပ်ဆိုင်းပြီး ထိုးကျသွားသလို တစ်ဖက်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုကြောင့် ရှေ့တန်းစစ်မျက်နှာတိုင်းမှာ အဘတို့ရဲ့တပ်ပျက်ကြီးဟာ စခန်းတွေစွန့်၊ ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင် ထွက်ပြေးရပြီး အမြဲတမ်း "တပ်လန်ကျ" ရှုံးနိမ့်နေရတာ တစ်ကမ္ဘာလုံးအသိပဲဖြစ်ပါတယ်။


ဒါကြောင့်လည်း နောက်ဆုံးမှာ "ဒါဆို စိတ်ဓာတ်တော့မကျနဲ့ အားတင်း ထား၊ ကုန်ထုတ်လုပ်မှု တက်ပြီး ကုန်ဈေးနှုန်းတွေကျဖို့ ခရီးတထောက် ပေါက်ရောက်နေပါပြီ" ဆိုပြီး အချင်းချင်း အားပေးစကားဆိုထားပါတယ်။တပ်ပျက်ကြီး အမြစ်ပြတ်ကျဆုံးတော့မယ့် အချိန်နီးကပ်လာပြီဖြစ်လို့ ပြည်သူတွေစိတ်ဓာတ်မကျဘဲ အားတင်းထားကြဖို့နဲ့ "တလရ" (တော်လှန်ရေး) ကြီး အောင်ပွဲခံတဲ့အခါမှသာ တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှုတွေ ပြန်တိုးတက်ပြီး ကုန်ဈေးနှုန်းတွေပြန်ကျမယ့် ခရီးပန်းတိုင်ကိုရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်အားမာန်ကို အပီပြင်ဆုံး ပုံဖော်ပေးထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page