top of page
Logo-Icon.png

"စူပါအယ်လ်နီညို"ထက် ပိုပူတဲ့ အဘတို့ပေးတဲ့ "စူပါဒုက္ခစုံ" အပူမီး

3 days ago
1 min read

နေပြည်တော်က အာဏာရူးအဘတွေ တိုင်းပြည်ကို မီးလောင်တိုက်သွင်းနေတဲ့အချိန်မှာ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေထက် ဆိုးရွားတဲ့ လူလုပ်ဘေးဒုက္ခတွေကို နေ့စဉ်နဲ့အမျှ ခံစားနေရပါတယ်။ကာတွန်းထဲက လူငယ်တစ်ယောက်က "စူပါအယ်လ်နီညို ကြောင့် သိပ်ပူ ပြင်းမယ် တဲ့" လို့ သဘာဝရာသီဥတုသတင်းကို ဖတ်ပြနေပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုက အတော်လေးဆိုးဆိုးရွားရွား ပူပြင်းလာမယ်ဆိုတာကို သတိပေးနေတာပါ။


ဒါပေမဲ့ မြေပြင်က ပြည်သူတွေရဲ့လက်တွေ့ဘဝမှာတော့ နေမင်းကြီးရဲ့ အပူချိန်ထက် အဘတို့ ဖန်တီးထားတဲ့ သောကမီးတွေက ပိုပြီး ပူလောင်နေတာ အမှန်ပါပဲ။ဒါကြောင့်လည်း ထိုင်နေတဲ့ လူငယ်လေးက သက်ပြင်းချပြီး "စူပါဒုက္ခရှောင်စုံကြောင့် ပူပြင်းနေရတဲ့ တို့ဘဝတွေကို မီပါ့မလား" လို့ ခါးခါးသီးသီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။


တကယ်တော့ အယ်လ်နီညိုဆိုတာ ရာသီဥတုကြောင့် ယာယီပူပြင်းတာပါ။ဒါပေမဲ့ အဘတို့ပေးနေတဲ့ "စူပါဒုက္ခစုံ" ဆိုတာကတော့ ရွာတွေမီးရှို့ခံရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ရတဲ့ အပူ၊ စစ်မှုထမ်းဥပဒေကြောင့် သားသမီးတွေအတွက် သောကရောက်ရတဲ့ အပူ၊ ကုန်ဈေးနှုန်းတွေ အဆမတန် ကြီးမြင့်ပြီး ငွေကြေးဖောင်းပွလို့ ထမင်းနပ်မမှန်တဲ့ အပူ စတဲ့ နေ့စဉ်လောင်ကျွမ်းနေတဲ့ ငရဲမီးတွေပဲ ဖြစ်ပါတယ်။ပြည်သူတွေရဲ့ဘဝဟာ နေပူလို့ ချွေးထွက်ရတာထက်၊ အာဏာရူးတွေရဲ့ယုတ်မာမှုတွေကြောင့် ရင်ပူပြီး နေ့စဉ်လောင်ကျွမ်းနေရတာက ပိုပြီး ဆိုးရွားလွန်းလှပါတယ်။


သဘာဝတရားကပေးတဲ့ရာသီဥတု အပူဒဏ်ထက်၊ အာဏာရူးစစ်အုပ်စုက ပြည်သူတွေအပေါ် အတင်းအဓမ္မ ကျရောက်စေတဲ့ လူလုပ် "ဒုက္ခစုံ" အပူမီးက ဘယ်လောက်တောင် ပြင်းထန်ဆိုးရွားပြီး ပြည်သူကိုလောင်ကျွမ်းစေသလဲဆိုတာကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page