ကရင်နီစစ်ဘေးရှောင်စခန်းများတွင် မိုးရာသီကြောင့် အရေပြားယားယံခြင်းနှင့် ကူးစက်ရောဂါများ ပိုမိုဆိုးရွားလာ
- Horizons News

- 5 hours ago
- 1 min read
ကရင်နီ၊ ဩဂုတ် ၃၁ ၊ Horizons

ကရင်နီပြည်နယ်အတွင်းရှိစစ်ဘေးရှောင်စခန်းများတွင် မိုးရာသီစိုစွတ်ထိုင်းဆမြင့်တက်လာခြင်းနှင့်အတူ အရေပြားယားယံခြင်း၊ အဖုအပိန့်ထွက်ခြင်းနှင့် ရေကြည်ဖုဖြစ်ပွားသည့် ဝေဒနာများကို ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအပါအဝင် ဒုက္ခသည်များစွာခံစားနေကြရကြောင်း သိရသည်။
အဓိကကြုံတွေ့နေရသည့် အခက်အခဲများမှာသန့်ရှင်းသော သောက်သုံးရေ မလုံလောက်ခြင်း၊ စစ်ရှောင်စခန်းများတွင် လူဦးရေကျပ်တည်းစွာနေထိုင်ရခြင်းနှင့် ကိုယ်ပိုင်သန့်ရှင်းရေး ထိန်းသိမ်းရန်ခက်ခဲခြင်း၊မိုးရွာသွန်းမှုကြောင့် အဝတ်အစားနှင့်အိပ်ရာခင်းများကို ခြောက်သွေ့အောင်မလှန်းနိုင်ခြင်း၊လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် စခန်းအတွင်းသီးသန့်ဆေးပေးခန်းမရှိခြင်းကြောင့် ဆေးကုသမှုခံယူရန်အလှမ်းဝေးခြင်း၊ဖရူဆိုနှင့် ဖယ်ခုံမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် လုံလောက်သောဆေးဝါးမရှိဘဲ အခက်အခဲများနှင့်ရင်ဆိုင်နေရခြင်းဖြစ်ကြောင်းသိရသည်။
မိုးတွင်းကာလတွင် အရေပြားဝေဒနာများအပြင် တုပ်ကွေး၊ ငှက်ဖျား၊ ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးကဲ့သို့သော ကူးစက်ရောဂါများပါဖြစ်ပွားနိုင်ခြေမြင့်မားနေသည်။ထို့ကြောင့် ရောဂါများကိုကာကွယ်ရန်အတွက် မိုးစိုနေသောအဝတ်အစားများကို ချက်ချင်းလဲလှယ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး အသုံးအဆောင်များမျှဝေသုံးစွဲခြင်း မပြုလုပ်ခြင်း၊ သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်းနှင့် အရေပြားယားယံသည့်အခါ အပြင်းအထန် ကုတ်ခြစ်ခြင်း ရှောင်ကြဉ်ကြရန် ကျန်းမာရေးလုပ်သားများက တိုက်တွန်းထားသည်။
နှစ်ရှည်စစ်ဘေးရှောင်နေရသူများအတွက် ရောဂါဖြစ်လာမှ ကုသရန်ထက် သန့်ရှင်းသောရေ၊ လုံလောက်သည့်ဆေးဝါးနှင့် အခြေခံသန့်ရှင်းရေးအဆောက်အအုံများရရှိရေးသည် လူသားချင်းစာနာမှုအရ အရေးတကြီးဖြေရှင်းရမည့်ကိစ္စရပ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။
Photo - Social Media



Comments