top of page
Logo-Icon.png

ကလေးမြို့တောင်ဖီလာရပ်ကွက်ရှိလယ်ယာမြေများပေါ်တွင်ခွင့်ပြုချက်မဲ့ မြေကွက်ရိုက်အဆောက်အအုံဆောက်လုပ်ထားမှုများကို၂ ပတ်အတွင်းဖယ်ရှားရန်အသိပေး၊မလိုက်နာပါကတရားစွဲမည်ဟုဆို

13 hours ago
1 min read

ကလေး၊ အောက်တိုဘာ ၁၅ ၊Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တောင်ဖီလာရပ်ကွက်အတွင်းရှိ လယ်ယာမြေများပေါ်တွင်ခွင့်ပြုချက်မရှိဘဲမြေကွက်ရိုက်ရောင်းချထားမှုနှင့်အဆောက်အအုံဆောက်လုပ်ထားမှုများကိုအောက်တိုဘာ၂၁ ရက် နောက်ဆုံးထားကာဖယ်ရှားရှင်းလင်းကြရန်ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကအသိပေးထုတ်ပြန်ထားကြောင်းသိရသည်။


တောင်ဖီလာရပ်ကွက်အတွင်းရှိလယ်ယာမြေများကိုလူနေအိမ်ရာမြေကွက်အဖြစ်ခွင့်ပြုချက်မရှိဘဲမြေဖို့၊လမ်းခင်းကာအကွက်ရိုက်ရောင်းချခဲ့ကြသဖြင့်ဝယ်ယူသူများအနေဖြင့်လည်း"အခြားနည်းအသုံးပြုခွင့်" မရရှိဘဲကျောက်တိုင်စိုက်ခြင်း၊ခြံစည်းရိုးခတ်ခြင်းနှင့် အဆောက်အအုံဆောက်လုပ်ခြင်းစသည့်ကျူးလွန်မှုများပြုလုပ်ထားကြောင်းစိစစ်တွေ့ရှိရသည်ဟုဆိုကာ၊အဆိုပါလယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲကျူးလွန်အသုံးပြုထားသူများအနေဖြင့်မိမိတို့ဆောင်ရွက်ထားသောမြေဖို့လမ်းခင်းထားမှုများ၊စိုက်ထူထားသည့်ကျောက်တိုင်များ၊ခြံစည်းရိုးများနှင့်အဆောက်အအုံများကို အောက်တိုဘာ၈ ရက်မှ၂၁ ရက်အထိ (၁၄ ရက်အတွင်း)အပြီးဖျက်သိမ်းဖယ်ရှားရှင်းလင်းပြီးသီးနှံများပြန်လည်စိုက်ပျိုးကြရန်ညွှန်ကြားထားကြောင်းသိရှိရသည်။


သတ်မှတ်ရက်အတွင်းဖယ်ရှားရှင်းလင်းခြင်းမရှိပါကလယ်ယာမြေဥပဒေပုဒ်မ ၂၀ (က)နှင့် (ခ) တို့အရသက်ဆိုင်ရာတရားရုံးတွင်ဦးတိုက်လျှောက်ထားတရားစွဲဆိုသွားမည်ဖြစ်ပြီး၊ထို့အပြင်စီမံခန့်ခွဲရေးနည်းလမ်းအရလည်းလယ်ယာမြေပေါ်တွင်ကျူးလွန်ဆောက်လုပ်ထားသည့် ကျောက်တိုင်၊ခြံစည်းရိုးနှင့်အဆောက်အအုံများကိုတာဝန်ရှိသူများက လိုအပ်သလိုဝင်ရောက်ဖျက်သိမ်းရှင်းလင်းသွားမည်ဖြစ်ကြောင်းမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏အကြောင်းကြားချက်ကိုကိုးကား၍ ရပ်ကွက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကထပ်ဆင့်သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။



Comments


bottom of page