top of page
Logo-Icon.png

“ချိုင်းထောက်နဲ့ စာအုပ်သည်”

Oct 4
1 min read

"ဟိုတုန်းက စစ်သား ပင်စင်စားတွေများ ချိုင်းထောက်ကြီး ထောက်ပြီး စာအုပ်လိုက်ရောင်းရတာ"။


လမ်းဘေးမှာ စာအုပ်လေးတွေပိုက်၊ ချိုင်းထောက်ကို အားပြုပြီး တစ်လှမ်းချင်း လျှောက်ခဲ့ရတဲ့ အတိတ်က စစ်သားဟောင်းတွေရဲ့ သနားစရာဇာတ်လမ်း။ ကိုယ့်သွေး၊ ကိုယ့်သား၊ ကိုယ့်ခန္ဓာကို အပြည့်အဝပေးဆပ်ခဲ့ပေမယ့်လည်း အာဏာရှင်စနစ်ရဲ့ခြေတော်ရင်းမှာတော့ သူတို့ဟာ အသုံးတော်ခံပြီးတာနဲ့ စွန့်ပစ်ခံရတဲ့ အမှိုက်သရိုက်တွေသာ ဖြစ်ခဲ့ရတယ်။


ဒါပေမဲ့ ဒီကနေ့ ဖက်ဆစ်ခေတ်မှာတော့... "အဲသလို ဖြစ်မှာစိုးလို့ တူရဲ့၊ တိုက်ပွဲမှာ အသေခံပဲ ခိုင်းတော့တယ်" တဲ့။


နေပြည်တော်က သွေးစွန်းပလ္လင်ထက်က အာဏာရူးတွေဟာ အခုတော့ ချိုင်းထောက်တွေကိုပင် ကြောက်လန့်နေကြပြီ။ခြေပြတ်လက်ပြတ်နဲ့ မြို့ပေါ်ကိုပြန်လာမယ့် စစ်သားတွေ များလာရင် သူတို့ရဲ့စစ်ရှုံးနေတဲ့ ဇာတ်ကွက်တွေ၊ တပ်ပျက်နေတဲ့အမှန်တရားတွေ ဗြောင်ကျကျ ပေါ်လွင်သွားမှာကို ထိတ်လန့်နေကြပြီ။ဆေးဖိုးဝါးခ နှမြောတယ်၊ ပင်စင်လစာ မပေးချင်ဘူး။ဒါကြောင့်မို့ နောက်တန်းကိုပေးမပြန်ဘဲ ရှေ့တန်းစခန်းကုန်းတွေပေါ်မှာသာ နောက်မဆုတ်တမ်း အသေခံခိုင်းနေတာဟာ အောက်ခြေတပ်သားတွေအပေါ် ထားရှိတဲ့ သူတို့ရဲ့ အရက်စက်ဆုံးသော စေတနာပါပဲ။


အို... အသုံးတော်ခံ ကျောမွဲ ရဲဘော်အပေါင်းတို့။ချိုင်းထောက်တောင် မပေးချင်တဲ့ အာဏာရှင်တွေအတွက် မင်းတို့ အသက်တွေ စတေးနေဦးမှာလား။လမ်းဘေးက စာအုပ်သည် ဘဝကနေ၊ အခုတော့ သေတွင်းထဲကို တိုက်ရိုက်တွန်းပို့ခံနေရတဲ့ မင်းတို့ရဲ့ အဖြစ်ဆိုးကို ပြန်ကြည့်ကြပါဦး။

ကိုယ့်အာဏာတည်မြဲရေးတစ်ခုတည်းအတွက် ကိုယ့်တပ်သားကို သေတွင်းပို့နေတဲ့ အာဏာရှင်တွေရဲ့ ယုတ်မာမှုကို မီးမောင်းထိုးပြနေတဲ့ ကာတွန်းဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page