ခေတ်ပျက်ကြီးပေးတဲ့ "နာ" မျိုးစုံ နဲ့ ပြည်သူတစ်ရပ်လုံးရဲ့ "စိတ်နာ" မှု

နေပြည်တော်က အာဏာရူးအဘတွေ တိုင်းပြည်ကို မတရားလုယူပြီးကတည်းက ပြည်သူတွေရဲ့ ဘဝဟာ နေ့စဉ်နဲ့အမျှ ဒုက္ခပေါင်းစုံနဲ့ရင်ဆိုင်နေရတာ အားလုံးအသိပါ။ ကာတွန်းထဲက လူငယ်တစ်ယောက် ညည်းတွားလိုက်တဲ့စကားတွေဟာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ရင်ထဲက အသံတွေကို ကိုယ်စားပြုနေပါတယ်။
ပထမဆုံးအနေနဲ့ သူက "အစာအိမ်နာတယ် အစားမမှန်လို့" လို့ ဆိုပါတယ်။ ကုန်ဈေးနှုန်းတွေ အဆမတန် ထိုးတက်၊ စီးပွားရေးတွေ ပျက်ကပ်ဆိုက်ပြီး အလုပ်အကိုင်တွေ ရှားပါးနေတဲ့ အဘတို့ရဲ့အုပ်ချုပ်မှုအောက်မှာ ပြည်သူတွေခမျာ ထမင်းတစ်နပ်မှန်မှန်စားနိုင်ဖို့တောင် မလွယ်တော့ဘဲ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို အလူးအလဲခံစားနေရတဲ့ အခြေအနေမှန်ကို ထင်ဟပ်နေပါတယ်။
ဆက်ပြီးတော့ သူက "ဒူးနဲ့ ခါးနာတယ် ပြေးလွှား လှုပ်ရှားရလို့" လို့ ညည်းတွားပြန်ပါတယ်။ ဒါဟာ မြေပြင်က အခါးသီးဆုံးအမှန်တရားပါပဲ။ရွာတွေကို မီးတိုက်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ၊ ပြီးတော့ မြို့ပေါ်မှာ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ၊ ဧည့်စာရင်းစစ်ပြီး အတင်းအဓမ္မ စစ်ထဲသွင်းတာတွေကြောင့် ညအိပ်ရာမှာတောင် ဖြောင့်ဖြောင့်မအိပ်ရဘဲ ပြေးလွှားပုန်းရှောင်နေရတဲ့ လူငယ်တွေရဲ့ ဆင်းရဲဒုက္ခကို ကွက်ကွက်ကွင်းကွင်း ပြသလိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလို ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထက် ပိုပြီး နက်ရှိုင်းတာကတော့ စိတ်ပိုင်းဆိုင်ရာ နာကြည်းမှုပါပဲ။ဒါကြောင့်လည်း လူငယ်လေးက "ဒီလို ဘဝကို နစ်နာရအောင် ပြဿနာရှာခဲ့တဲ့ စစ်တပ်ကို စိတ်နာတယ်" လို့ ပြတ်ပြတ်သားသား ဖွင့်ချလိုက်တာပါ။တိုင်းပြည်ကို ချောက်ထဲတွန်းချပြီး ပြည်သူကို ဒုက္ခတွင်းထဲဆွဲသွင်းခဲ့တဲ့ အာဏာရူးစစ်အုပ်စုအပေါ် ပြည်သူတစ်ရပ်လုံးက ဘယ်လောက်တောင်ရွံရှာမုန်းတီးနေပြီလဲဆိုတာကို အပီပြင်ဆုံးဖော်ပြလိုက်တာပါ။ ဒီစကားကိုကြားတော့ ဘေးကလူငယ်ကလည်း "နာတာတွေများ လှပေါ့" လို့ ထောက်ခံလိုက်တာဟာ ဒီခေတ်ကြီးထဲမှာ ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေနဲ့ နာကြည်းမှုတွေဟာ ရေတွက်လို့တောင် မကုန်နိုင်တော့ဘူးဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။
ပြည်သူကို မွဲပြာကျအောင်လုပ်၊ အသက်လုပြေးရအောင် လုပ်ထားရုံတင်မကဘဲ ပြည်သူတစ်ရပ်လုံးရဲ့ အသည်းနှလုံးထဲမှာ အမြစ်ပြတ်ချေမှုန်းပစ်ချင်လောက်အောင် "စိတ်နာ" စရာကောင်းတဲ့ အာဏာရူး တပ်ပျက်ကြီးရဲ့ ယုတ်မာလှတဲ့ လုပ်ရပ်တွေကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments