top of page
Logo-Icon.png

ဂွါတီမာလာတွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁,၆၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

ဂွါတီမာလာ ၊ ဩဂုတ် ၅ ၊ Horizons



ဂွါတီမာလာနိုင်ငံရှိ ဖွှယ်ဂို  မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာပိုင်များက အနီရောင်အဆင့် အရေးပေါ်သတိပေးချက် ထုတ်ပြန်ကာ ဒေသခံ (၁,၆၀၀) ကျော်ကို ဘေးလွတ်ရာ ခိုလှုံရေးစခန်းများသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။


ဂွါတီမာလာနိုင်ငံ ဘေးအန္တရာယ်လျော့ပါးရေး အမျိုးသားပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ၏ ထုတ်ပြန်ချက်အရ မီးတောင်အနီးရှိ ဒေသ (၁၈) ခုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားပြီး ဩဂုတ်လ (၄) ရက်နေ့အထိ ဒေသခံစုစုပေါင်း (၁,၆၉၉) ဦးကို ခိုလှုံရေးစခန်းများသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ဆန်ဟွမ် အာလိုတဲနန်းဂို မြို့နယ်ရှိ အယ်လ်ပိုဗေနီယာ နှင့် လာစ်လာဟီတာစ် ဒေသများမှ နေထိုင်သူများကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။


လက်ရှိတွင် ခိုလှုံရေးစခန်း (၅) ခု ဖွင့်လှစ်ထားပြီး နောက်ထပ် (၃) ခုကိုလည်း ထပ်မံပြင်ဆင်လျက်ရှိသည်။ သို့သော် ဒေသခံအချို့မှာ နေအိမ်များ ဖောက်ထွင်းခိုးယူခံရမည်ကို စိုးရိမ်နေကြသဖြင့် ပြောင်းရွှေ့ရန် တွန့်ဆုတ်နေမှုများလည်း ရှိနေကြောင်း သိရသည်။


ဖွှယ်ဂိုမီးတောင်သည် ပြီးခဲ့သည့် ဩဂုတ်လ (၃) ရက်နေ့ ညပိုင်းမှစတင်၍ ပြင်းထန်စွာ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် “လိမ္မော်ရောင်အဆင့်” သတိပေးချက်သာ ထုတ်ပြန်ထားရာမှ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် “အနီရောင်အဆင့်” အရေးပေါ်သတိပေးချက်သို့ တိုးမြှင့်သတ်မှတ်ခဲ့ရသည်။


အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ မီးတောင်မှ ထွက်ပေါ်လာသော ပူပြင်းသည့် ပြာများနှင့် ချော်ရည်စီးကြောင်းများသည် တောင်စောင်းများတစ်လျှောက် စီးဆင်းနေပြီး၊ မီးတောင်မှ လွင့်စင်လာသည့် ပစ္စည်းများသည် အမြင့်ပေ (၂၃,၀၀၀) ခန့် (မီတာ ၇,၀၀၀ ကျော်) အထိ ရောက်ရှိနိုင်ကာ မိုင် (၇၀) ကျော် (၁၂၀ ကီလိုမီတာခန့်) အကွာအဝေးအထိ ပျံ့နှံ့နိုင်ကြောင်း သတိပေးထားသည်။


ဂွါတီမာလာ ငလျင်၊ မီးတောင်၊ မိုးလေဝသနှင့် ရေအောက်ဗေဒ အမျိုးသားအဖွဲ့အစည်း ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဖွှယ်ဂိုမီးတောင်သည် ပြာများ၊ ဓာတ်ငွေ့များနှင့် ချော်ရည်များကို ဆက်လက်ပန်းထွက်နေပြီး ပေါက်ကွဲမှုများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။


Comments


bottom of page