"စိုးရိမ်ခြင်း" မူပိုင်ခွင့်ရှင်ကြီးများရဲ့ အဆင့် (သို့) A4 စာရွက်ပေါ်က ကယ်တင်ရှင်များ
- Horizons News

- 3 days ago
- 1 min read

ကမ္ဘာကြီးရဲ့ "ငြိမ်းချမ်းရေး ဖခင်ကြီး" နေရာယူထားတဲ့ ကုလသမဂ္ဂ(UN)ကြီးက လှမ်းပြီး လက်ညှိုးငေါက်ငေါက် ထိုးပါပြီ။ "မြန်မာပြည်... မင်းတို့ဆီမှာ လူ့အခွင့်အရေးကတော့ အနိမ့်ဆုံးအဆင့် ရောက်နေပြီနော်" တဲ့။
ဟုတ်တာပေါ့။မြေပြင်မှာ နေ့တိုင်း ဗုံးကြဲခံနေရတယ်၊အိမ်တွေ မီးရှို့ခံနေရတယ်၊ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်။ဒီလိုအခြေအနေမှာ လူ့အခွင့်အရေးဆိုတာ ဇီးရိုးအောက်တောင် ရောက်နေတာ မြေကြီးလက်ခတ်မလွဲပါပဲ။ဒါပေမဲ့ မြန်မာနိုင်ငံကိုယ်စားပြုဇာတ်ကောင်လေးက ပြန်မေးလိုက်တဲ့မေးခွန်းက UN ကြီးရဲ့မျက်နှာကို ဖြန်းခနဲရိုက်ချလိုက်သလိုပါပဲ။
"ဒါဆို... စာထုတ်ပြီး စိုးရိမ်ရုံပဲပြတတ်တဲ့ ခင်ဗျားတို့ရဲ့လူ့အခွင့်အရေးလှုပ်ရှားမှုကရော ဘယ်အဆင့်မှာရှိနေသလဲ" တဲ့။
တကယ်လည်း စဉ်းစားကြည့်လေ။UN ရဲ့ လက်နက်တိုက်ထဲမှာ ရှိတာက A4 စာရွက်တွေနဲ့ ပရင်တာတွေပဲ ရှိသလား မှတ်ရတယ်။
ရွာတွေ မီးရှို့ခံရပြီဆိုရင်... "စိုးရိမ်ပါတယ်" လို့ စာထုတ်တယ်။
လေယာဉ်နဲ့ ဗုံးလာကြဲပြန်တော့လည်း... "အလွန်တရာ စိုးရိမ်ပူပန်ပါတယ်" လို့ ထပ်ထုတ်တယ်။
လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတော့လည်း... ကော်ပီကူးထားတဲ့ "ပြင်းထန်စွာ ရှုတ်ချစိုးရိမ်ပါတယ်" ဆိုတဲ့ကြေညာချက်ကိုပဲ ထပ်ထုတ်တယ်။
သူတို့ရဲ့ ကယ်တင်ရှင်လုပ်ရပ်ဆိုတာ ဖေ့စ်ဘွတ်ခ်ပေါ်က Sad React ပေးတာလောက်ပဲ အဆင့်ရှိတာပါ။ကမ္ဘာပေါ်မှာသာ "စာထုတ်ပြီး စိုးရိမ်ပြခြင်း" ပြိုင်ပွဲရှိရင် UN ကြီး ရွှေတံဆိပ်ဆု ယူသွားတာ နှစ်ပတ်လည်နေလောက်ပါပြီ။
အသက်တွေပေး၊ သွေးတွေပေးပြီးရင်းနေရတဲ့ မြေပြင်ကအကျပ်အတည်းကို စက္ကူလေယာဉ်ပျံလေးတွေ ခေါက်ပေါက်ရုံလောက်ပဲ သဘောထားနေတဲ့ UN ကြီးအနေနဲ့ သူများနိုင်ငံက လူ့အခွင့်အရေးကို လာပြီး အဆင့်သတ်မှတ်နေမယ့်အစား လက်တွေ့မှာ ဘာမှအသုံးမကျတဲ့ ကိုယ့်ရဲ့ "စိုးရိမ်ခြင်း" အဆင့်ကြီးကိုပဲ အရင်ဆုံး ပြန်သုံးသပ်ဖို့ ကောင်းနေပါပြီ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments