top of page
Logo-Icon.png

"စစ်မှုမထမ်းကြေး"

Oct 6
1 min read


နေပြည်တော်က အာဏာရူးအဘတွေဟာ ရှေ့တန်းမှာ အသေအလဲရှုံးနိမ့်ပြီး တပ်ပျက်နေချိန်မှာ ပြည်သူ့သားသမီးတွေကို အတင်းအဓမ္မ စစ်ထဲသွင်းဖို့ ကြိုးစားနေရုံသာမက ဒါကို အခွင့်ကောင်းယူပြီး ပြည်သူဆီကနေ ဗြောင်ကျကျ ဓားပြတိုက်ငွေညှစ်နေကြတာ အားလုံးအသိပါ။


ကာတွန်းထဲက လူငယ်တစ်ယောက် ပြောလိုက်တဲ့ "စစ်မှုထမ်းကြေး မပေးတဲ့ သူတွေကို ပေါ်တာဆွဲထည့်မယ်တဲ့" ဆိုတဲ့ စကားဟာ လက်ရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ အဘတို့ရဲ့ လက်ပါးစေ အုပ်ချုပ်ရေးမှူးတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ ယုတ်မာမှုကြီးကို ကွက်ကွက်ကွင်းကွင်း ပြသနေပါတယ်။တကယ်တော့ "စစ်မှုထမ်းကြေး" ဆိုတာ အဘတို့က သူတို့စစ်တပ်အတွက် ခေါင်းစဉ်တပ်ပြီး ပြည်သူကို ဓားမိုး အကြပ်ကိုင်နေတဲ့ ဆက်ကြေးငွေပါ။ပိုက်ဆံပေးရင် ချမ်းသာပေးမယ်၊ ပိုက်ဆံမပေးနိုင်ရင် အသက်ကိုယူမယ်ဆိုတဲ့ အကြမ်းဖက်ဓားပြဂိုဏ်းတွေရဲ့လုပ်ရပ်မျိုးကို အစိုးရယောင်ဆောင်ထားတဲ့စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း လုပ်နေတာ ဖြစ်ပါတယ်။


ဒီလို အဓိပ္ပာယ်မဲ့လွန်းတဲ့ အဘတို့ရဲ့ဓားပြတိုက်မှုကို ဒုတိယလူငယ်လေးက အစပ်ဆုံး စကားလုံးနဲ့ ပြန်လည် သရော်လှောင်ပြောင်လိုက်ပါတယ်။ "ဒါဆို.. စစ်မှုမထမ်းကြေး ဆိုရင်.. လူကောငွေကော လွတ်ပြီ" တဲ့လေ။


ဒါဟာ စကားလုံးကစားပြီး အာဏာရူးတွေရဲ့ လုပ်ရပ်ကို ခနဲ့တဲ့တဲ့ ရိုက်ချိုးလိုက်တာပါပဲ။ အဘတို့က မတရား "စစ်မှုထမ်းကြေး" ဆိုပြီး အဓမ္မ ကောက်ခံနေမှတော့ ပြည်သူတွေကလည်း "စစ်မှုမထမ်းကြေး" ဆိုပြီး ပြောင်းပြန်ခေါင်းစဉ်တပ်လိုက်ရင် ငွေလည်းပေးစရာမလို၊ လူလည်း အဖမ်းခံစရာ မလိုတော့ဘူးဆိုတဲ့ ဉာဏ်သွားတဲ့လှောင်ပြောင်မှုတစ်ခု ဖြစ်ပါတယ်။ပြည်သူတွေရဲ့ အသက်ကို ဓားစာခံလုပ်ပြီး ငွေညှစ်နေတဲ့ အာဏာရူးတပ်ပျက်ကြီးဟာ အခုတော့ အုပ်ချုပ်ရေး ယန္တရားမဟုတ်တော့ဘဲ ပြည်သူကိုအနိုင်ကျင့်တဲ့ လမ်းဘေး ဓားပြဂိုဏ်း အဆင့်သာသာပဲ ရှိတော့တယ်ဆိုတာကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page