စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းနိုင်ရေးနှင့် စစ်အနိုင်တိုက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု DMO Local PDF ဗဟိုကော်မတီထုတ်ပြန်
- Horizons News

- 5 hours ago
- 1 min read
ဒီးမော့ဆို ၊ ဩဂုတ် ၃၁ ၊ Horizons

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF) ၏ ဗဟိုကော်မတီဝင်များသည် မြေပြင်ရှိတပ်ရင်း၊ တပ်ဖွဲ့များထံသို့ ကိုယ်တိုင်သွားရောက်ကွင်းဆင်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းနိုင်ရေးနှင့် စစ်အနိုင်တိုက်ရေးတို့အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဩဂုတ်လ(၃၁ ရက်)တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ မြေပြင်ကွင်းဆင်းခရီးစဉ်အတွင်း DMO Local တပ်ရင်း (၁)၊ (၂)၊ (၃)၊ (၄) နှင့် DMO ဗဟိုတပ်ရင်းများအောက်ရှိ တပ်ရင်း၊ တပ်ခွဲအသီးသီးမှရဲဘော်များနှင့်တွေ့ဆုံကာ တပ်တွင်း စည်းလုံးညီညွတ်ရေး၊ ရှေ့ဆက်လုပ်ဆောင်မည့် စစ်ရေးနှင့်နိုင်ငံရေးမဟာဗျူဟာများကို အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲများတွင် မြေပြင်ရဲဘော်များရင်ဆိုင်နေရသော အခက်အခဲများနှင့်လိုအပ်ချက်များကို ဗဟိုကော်မတီတာဝန်ရှိသူများက တိုက်ရိုက်နားထောင်ပေးခဲ့ပြီး အရေးပေါ်၊ ရေတိုနှင့် ရေရှည် အစီအမံများအလိုက် လက်တွေ့ကျကျဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် စီစဉ်ခဲ့ကြသည်။ထို့အပြင် တပ်ဗိုလ်၊ တပ်မှူး၊ ရဲဘော်များနှင့်ကေဒါများ၏ တော်လှန်ရေးအမြင်သဘောထားများကို ဖလှယ်ခဲ့ကြကာ သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ယူမှု၊တာဝန်ခံမှုများကို အသစ်ပြန်လည်သတ်မှတ်ခြင်းနှင့် လုပ်ငန်းတာဝန်များလွှဲအပ်ခြင်းများကိုပါ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
DMO Local PDF တပ်ဖွဲ့များသည် ပြည်သူလူထုထံမှ တိုက်ရိုက်ပေါက်ဖွားလာကြသည့် "ပြည်သူ့တပ်" တစ်ရပ်ဖြစ်သည်နှင့်အညီ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို အစဉ်အမြဲကာကွယ်စောင့်ရှောက်ရန်ကို အထူးအလေးထားလမ်းညွှန်ခဲ့ကြပြီး တပ်ဖွဲ့ဝင်များအနေဖြင့်စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို တိကျစွာလိုက်နာရန်၊လူ့အခွင့်အရေးကိုလေးစားရန်နှင့် ပြည်သူလူထုအပေါ်အလေးထားဆက်ဆံကြရန်လည်း တိုက်တွန်းထားသည်။
DMO Local PDF ၏ အဓိက အကျဆုံးရည်မှန်းချက်မှာ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊လက်ရှိတွင် စစ်ရေးဆိုင်ရာလုပ်ငန်းစဉ်များကို နိုင်ငံရေးမဟာဗျူဟာများနှင့် အပြည့်အဝပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီက အလေးအနက်ပြောကြားထားသည်။
ယခုကဲ့သို့ မြေပြင်ကွင်းဆင်းခဲ့ကြသည့်အဖွဲ့တွင် DMO နာယက ရဲဘော်ကိုသားကြီး၊ အတွင်းရေးမှူး(၁) ရဲဘော်နေတိုး၊ အတွင်းရေးမှူး (၂) ရဲဘော်တွတ်ပီ၊ စီမံ/ဘဏ္ဍာ တာဝန်ခံ ရဲဘော်စက်ခေါင်း၊ ကျန်းမာရေးတာဝန်ခံရဲဘော် Chillux May နှင့် ရဲဘော်ခွန်းစံတို့ ပါဝင်ခဲ့ကြသည်။
ထို့အပြင်မဟာမိတ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ကယန်းအမျိုးသားတပ်မတော် (KNA) မှ ဗဟိုကော်မတီဝင် ဆရာခွန်းရဲခေါင် လည်း အဆိုပါကွင်းဆင်းတွေ့ဆုံမှုများတွင် အတူတကွ လိုက်ပါလာခဲ့ပြီး နိုင်ငံရေးနှင့်စစ်ရေးဆိုင်ရာအသိပညာများကို အပြန်အလှန်ဖလှယ်ခဲ့ကြကြောင်း သိရသည်။
Photo - ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်



Comments