ဆိပ်ခွန်မဟာစည်ကျောင်းအပါအဝင် ဘုန်းကြီးကျောင်းများဗုံးကြဲတိုက်ခိုက်မှုရပ်တန့်ရေး သံဃမဟာနာယကထံ စစ်ကိုင်းသပိတ်အင်အားစုတောင်းဆို
စစ်ကိုင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons

စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက အကြမ်းဖက်စစ်ကောင်စီ၏ဘုန်းတော်ကြီးကျောင်းများနှင့် ဗုဒ္ဓသာသနိကအဆောက်အအုံများအပေါ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများရပ်တန့်စေရေးအတွက် အရေးယူဆောင်ရွက်ပေးရန် နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့်အဖွဲ့ဝင်ဆရာတော်များထံ ယနေ့အောက်တိုဘာ(၁၅)ရက်တွင်စာပေးပို့တောင်းဆိုခဲ့သည်။
အဆိုပါစာတွင် ပြီးခဲ့သည့်အောက်တိုဘာလ(၁၁)ရက်က စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်မူလမဟာစည်ကျောင်းတော်ကို အကြမ်းဖက်စစ်ကောင်စီကလေကြောင်းမှဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းဖော်ပြထားသည်။
ယင်းကျောင်းသည် ဝိပဿနာတရားအားထုတ်ရာပဋိပတ္တိဌာနတစ်ခုဖြစ်ပြီး မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌဆိပ်ခွန်ဆရာတော်ကြီး၏ကျောင်းတိုက်လည်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကလျှောက်ထားထားသည်။
ထို့ပြင်မဟာစည်ကျောင်းတိုက်အပါအဝင် မြောင်မြို့နယ်၊ဆွဲလွဲအိုရွာရှိဇေဋ္ဌဝါဒီဘုန်းတော်ကြီးကျောင်း၊ချောင်းဦးမြို့နယ်ရှိပန်းလှတောရကျောင်းနှင့် ကန့်ဘလူမြို့နယ်၊ထန်းတပင်ကျေးရွာရှိဘုန်းတော်ကြီးကျောင်းတို့ကိုလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ကြောင်း စာတွင်ဖော်ပြထားသည်။ယင်းဖြစ်စဉ်များအတွင်း ရဟန်း၊သာမဏေများ၊တရားစခန်းဝင်ယောဂီများနှင့် ဥပုသ်သည်များသေဆုံးခြင်း၊ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ကြောင်းလည်းဆိုသည်။
ဘုန်းတော်ကြီးကျောင်းများသည် ဗုဒ္ဓဘာသာဝင်များတရားအားထုတ်ခြင်း၊ဥပုသ်သီလဆောက်တည်ခြင်းနှင့်ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်းအပြင် ဒေသခံပြည်သူများအတွက်ဆုံးမသွန်သင်မှုရရှိရာနေရာများဖြစ်ကြောင်း သပိတ်အင်အားစုကထောက်ပြထားသည်။
ထိုသို့သောသာသနိကအဆောက်အအုံများကိုဗုံးကြဲတိုက်ခိုက်ခြင်းသည် ရဟန်း၊သာမဏေများနှင့်အပြစ်မဲ့ပြည်သူများ၏အသက်အန္တရာယ်ကိုထိခိုက်စေသည့်အပြင် ဘာသာရေးဆိုင်ရာလွတ်လပ်စွာကျင့်ကြံအားထုတ်မှုများကိုပါထိခိုက်စေကြောင်း လျှောက်ထားထားသည်။
သို့ဖြစ်၍အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်စေရန်ဆုံးမဩဝါဒပေးရေး၊သာသနာ့နယ်မြေများနှင့် ဥပုသ်သီလဆောက်တည်နေသူများ၏လုံခြုံရေးအတွက် ထိရောက်သောသဘောထားထုတ်ပြန်ချက်ထုတ်ပြန်ရေးနှင့် ဘုရား၊ကျောင်း၊သာသနိကနယ်မြေများကိုစစ်ပွဲအတွင်း ပစ်မှတ်မထားစေရန် တားဆီးမေတ္တာရပ်ခံမှုများပြုလုပ်ပေးရေးတို့ကို နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုကတောင်းဆိုထားသည်။
Photo - မဟာစည်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဗုံးထိထားသော အဆောက်အအုံတစ်ခု




Comments