top of page
Logo-Icon.png

တောင်ကိုရီးယားတွင် (၂၅) နှစ်ကြာ နံပါတ်တစ်နေရာရယူထားသည့် Samsung ကို ကျော်ဖြတ်ကာ SK Hynix တန်ဖိုးအကြီးဆုံး ချစ်ပ်ကုမ္ပဏီဖြစ်လာ

Jun 23
1 min read

နည်းပညာ၊ ဇွန် ၂၃ ၊ Horizons




၂၀၀၀ ပြည့်နှစ်မှစတင်၍ တောင်ကိုရီးယား၏ တန်ဖိုးအကြီးဆုံးကုမ္ပဏီအဖြစ် (၂၅) နှစ်ဆက်တိုက် နံပါတ် (၁) နေရာတွင် ရပ်တည်ခဲ့သော Samsung Electronics သည် ယခုအခါ နံပါတ် (၂) နေရာသို့ ဆင်းပေးလိုက်ရပြီဖြစ်သည်။


 ၎င်းနေရာကို ချစ်ပ် (Chip) သီးသန့်ထုတ်လုပ်သည့် SK Hynix ကုမ္ပဏီက ကျော်တက်သွားခဲ့ပြီး လက်ရှိတွင် အဖိုးတန်ဆုံး ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ (Most Valuable Chip Maker) အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။


ပြီးခဲ့သည့်နှစ်များအတွင်း SK Hynix ၏ ရှယ်ယာတန်ဖိုးသည် ၃၄၀% အထိ အံ့မခန်း တိုးတက်လာခဲ့သည်။ စမတ်ဖုန်းနှင့် အခြားအီလက်ထရောနစ်ပစ္စည်းမျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်းအင်ပါယာကြီးဖြစ်သော Samsung မှာမူ ရှယ်ယာတန်ဖိုး ၂၀၀%အထိသာ တိုးတက်မှုရှိခဲ့သည်။ 


ထူးခြားချက်မှာ SK Hynix သည် အခြားလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းမရှိဘဲ Chip တစ်ခုတည်းကိုသာ သီးသန့်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ခြင်းပင်ဖြစ်သည်။


ယခုကဲ့သို့ SK Hynix ကုမ္ပဏီ၏ တန်ဖိုးများ အဆမတန် မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်းမှာ AI နည်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကြောင့်ဖြစ်သည်။ 


AI စနစ်များအတွက် မရှိမဖြစ်လိုအပ်သော HBM (High-Bandwidth Memory) ချစ်ပ်ပြားများကို အဓိက ထုတ်လုပ်ပေးနေသည့် SK Hynix သည် လက်ရှိတွင် နည်းပညာကုမ္ပဏီကြီးများဖြစ်သော Nvidia နှင့် Google တို့၏ အဓိက ပေးသွင်းသူ (Supplier) ဖြစ်လာခဲ့ရာမှ ယခုကဲ့သို့ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။


၂၀၂၅-၂၀၂၆ စာရင်းဇယားများအရ SK Hynix သည် ကမ္ဘာ့ HBM ဈေးကွက်၏ ၆၁% အထိ အပြတ်အသတ် လွှမ်းမိုးထားနိုင်ခဲ့သည်။ 


သို့သော် ပြိုင်ဘက် Samsung မှာမူ ထုတ်လုပ်မှုအောင်မြင်နှုန်း (Yield) ပြဿနာများကြောင့် Nvidia ၏ စမ်းသပ်ချက်များကို အောင်မြင်ရန် အချိန်ကြာမြင့်ခဲ့ရပြီး ဈေးကွက်ဝေစု ၁၇% သာ ရရှိခဲ့သည်။


လွန်ခဲ့သော (၂၄) နှစ်ဝန်းကျင်ခန့်က ယခု SK Hynix (ထိုစဉ်က Hynix Semiconductor) သည် အကြွေးများပိကာ ဒေဝါလီခံရမည့်အခြေအနေသို့ ရောက်ရှိခဲ့ပြီး အမေရိကန်ကုမ္ပဏီ Micron ထံသို့ အောက်ဈေးဖြင့် ရောင်းချခံရလုနီးပါး ဖြစ်ခဲ့ဖူးသည်။ 


သို့သော် ယခုအခါတွင်မူ Micron သာမက ၂၅ နှစ်ကြာ ကြီးစိုးထားသည့် Samsung ကိုပါ ကျော်ဖြတ်၍ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Memory Chip ကုမ္ပဏီအဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။

Comments


bottom of page