တော်လှန်ရေးအတွက် အဓိက "အလှူရှင်ကြီး"

နေပြည်တော်က အာဏာရူးအဘတွေဟာ သူတို့ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေကို လုံခြုံရေး အထပ်ထပ်ချပြီး အသေအချာ ကာကွယ်ထားလေ့ရှိပေမဲ့ တကယ်တမ်းမြေပြင်မှာတော့ အဲဒီစက်ရုံတွေက ထွက်လာတဲ့ လက်နက်ခဲယမ်းတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲကိုပဲ နည်းလမ်းပေါင်းစုံနဲ့ "အလှူပစ္စည်း" တွေအဖြစ် အမြဲရောက်လာတတ်တာ အားလုံးအသိပါ။
ကာတွန်းထဲမှာ တွေ့ရတဲ့အတိုင်း "ကပစ စက်ရုံ ပေါက်ကွဲလို့တဲ့" ဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာ ပြည်သူတွေက အာဏာရူးတွေအတွက် ဝမ်းနည်းမပေးတဲ့အပြင် တခြားတစ်ဖက်ကို တွေးပြီး နှမြောတသဖြစ်နေကြပါတယ်။အဲဒါကတော့ "ဟာ.. ဒါဆို လက်နက်တွေပါသွားရင် တော်လှန်ရေးသမားတွေအတွက် ပုံမှန်အလှူအဖြစ် ရနေကျအဖို့ကို နှမြောစရာကြီး" ဆိုတဲ့ ဟာသနှောထားတဲ့ အတွေးပါပဲ။
ဒါဟာ လက်ရှိမြေပြင်က အခြေအနေမှန်ကို အပီပြင်ဆုံး သရော်လိုက်တာပါပဲ။ရှေ့တန်းစခန်းတွေ တစ်ခုပြီးတစ်ခု သိမ်းခံရတိုင်း စစ်တပ်က ပြည်သူကိုသတ်ဖို့ ထုတ်လုပ်ထားတဲ့ လက်နက်တွေဟာ တော်လှန်ရေးရဲဘော်တွေအတွက် တိုက်ပွဲဝင်လက်နက်တွေ ဖြစ်လာတာချည်းပါပဲ။ဒါကြောင့် ကပစ စက်ရုံကြီး ပေါက်ကွဲသွားတော့ တော်လှန်ရေးအတွက် "အလှူ" ရမယ့် လက်နက်တွေ လျော့သွားပြီလို့ ခနဲ့တဲ့တဲ့ ပြောလိုက်တာပါ။
နောက်ထပ် စကားစုလေးက အဘတို့ရဲ့ အဓမ္မ "စေတနာ" ကို ထပ်ပြီး လှောင်ပြောင်ထားပါတယ်။ "မပူပါနဲ့၊ MA - 1 သေနတ်အသစ်တွေ ထပ်ထုတ်ပေးပြီး လှူပါမယ်တဲ့" ဆိုတဲ့ စကားက အာဏာရူး တပ်ပျက်ကြီးရဲ့ ဇာတ်သိမ်းကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေပါတယ်။ အဘတို့ ဘယ်လောက်ပဲ MA - 1 သေနတ်သစ်တွေ ထပ်ထုတ်ထုတ် နောက်ဆုံးတော့လည်း စခန်းစွန့်ခွာ ထွက်ပြေးတဲ့ အောက်ခြေစစ်သားတွေကတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီကို "တရားဝင် အလှူ" အဖြစ် ထပ်ရောက်လာဦးမှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။
ကိုယ့်စက်ရုံကိုယ်တောင် မလုံခြုံဘဲ ပေါက်ကွဲနေပြီး ထုတ်လုပ်သမျှ လက်နက်တွေကလည်း ကိုယ့်ကို ပြန်တိုက်မယ့် ပြည်သူတွေဆီကိုသာ အရောက်ပို့ပေးနေရတဲ့ အာဏာရူး စစ်အုပ်စုရဲ့ အဖြစ်ဆိုးကြီးကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments