တော်လှန်ရေးအတွက် "အလှူပစ္စည်း"

နေပြည်တော်က အာဏာရူးအဘတွေဟာ ကုန်းပေါ်မှာ အသေအလဲ ရှုံး၊ စခန်းတွေ တစ်ခုပြီးတစ်ခု အသိမ်းခံနေရုံသာမက အခုဆိုရင် ရေပြင်မှာပါ ဇာတ်သိမ်းမလှ ဖြစ်နေကြပါပြီ။ ကာတွန်းထဲမှာ မြင်ရတဲ့အတိုင်း အဘတို့ရဲ့ အစိမ်းရောင် စစ်သင်္ဘောကြီးဟာ မီးလောင်ပြီး ရေထဲကို နစ်မြုပ်နေတာ တွေ့ရမှာပါ။
ကာတွန်းထဲက စာသားလေးက အင်မတန် ထိမိပါတယ်။ "မြေပြင်မှာ ရေကျပြီးရင် တင်ကျန်ခဲ့တဲ့ နှုန်းတွေကို ရှင်းလင်းရသလို၊ ရေပြင်မှာ... စကစတပ်သားတွေ ကျပြီးရင် တင်ကျန်ခဲ့တဲ့ အလောင်းတွေကို ရှင်းလင်းရတယ်" ဆိုပြီး ရေးသားထားပါတယ်။ သဘာဝဘေးအန္တရာယ် ရေကြီးပြီးရင် ရွှံ့နွံတွေရှင်းရတာ အလုပ်ရှုပ်သလို အဘတို့ရဲ့တပ်ပျက်ကြီး ရေပြင်တိုက်ပွဲမှာ အသေဆိုးနဲ့ သေသွားတဲ့အခါ အဲဒီ တင်ကျန်ရစ်တဲ့ အလောင်းတွေကို လိုက်ရှင်းရတာကလည်း တော်လှန်ရေးရဲဘော်တွေအတွက် အလုပ်တစ်ခု ဖြစ်နေပါတယ်။
ဒါပေမဲ့ ဘာလို့ အဲဒီလိုအလုပ်ရှုပ်ခံပြီး သွားရှင်းနေရသလဲဆိုတဲ့ အကြောင်းရင်းကတော့ တကယ့်ကို ခနဲ့တဲ့တဲ့ နိုင်လှပါတယ်။အောက်ဆုံးက စာသားလေးမှာ "သူတို့ဆီက လက်နက်ကျည်ဆံတွေရလို့" ဆိုပြီး အဖြေပေးထားပါတယ်။ဟုတ်ပါတယ်... အဘတို့ရဲ့စစ်သားတွေဟာ သေရင်တောင် အလကား မသေပါဘူး၊တော်လှန်ရေးအတွက် အရေးတကြီးလိုအပ်နေတဲ့ သေနတ်တွေ၊ ကျည်ဆန်တွေကို ရေပြင်ပေါ်မှာ "ပို့ဆောင်ဆက်သွယ်" လှူဒါန်းပေးသွားတဲ့ "အလှူရှင်ကြီး" တွေ ဖြစ်နေလို့ပါပဲ။အလောင်းရှင်းရတာ အလုပ်ရှုပ်ပေမဲ့ လက်နက်ခဲယမ်းတွေရလာမှာဖြစ်လို့ ကျေကျေနပ်နပ်ကြီး ရှင်းပေးလိုက်တယ်ဆိုတဲ့ သဘောပါ။
ကုန်းပေါ်မှာရော ရေပေါ်မှာပါ နေရာတကာ အသေအလဲ ရှုံးနိမ့်နေပြီး ကိုယ့်စစ်သားတွေရဲ့ အသက်ကိုရင်းကာ တော်လှန်ရေးအင်အားစုတွေဆီကို လက်နက်ခဲယမ်းတွေ အရောက်ပို့ပေးနေရတဲ့ အာဏာရူးတပ်ပျက်ကြီးရဲ့ အရှက်ကွဲစရာဇာတ်သိမ်းကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments