ထိုင်းနိုင်ငံတစ်ဝန်းအထူးစစ်ဆင်ရေးဖြင့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စီးနင်းဖြိုခွင်း၊မြန်မာနိုင်ငံသား၁ ဦးအပါအဝင်၃၉ ဦးကိုဖမ်းဆီးပြီးဘတ်သန်း ၅၀၀ကျော်သိမ်းဆည်းရမိ
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ၊ Horizons

ထိုင်းနိုင်ငံတစ်ဝန်းရှိပစ်မှတ်၂၇ နေရာကိုတစ်ပြိုင်နက်တည်းဝင်ရောက်စီးနင်းသည့်Anti-Scam Matrix အမည်ရအထူးစစ်ဆင်ရေးကြီးအတွင်း အွန်လိုင်းမှတစ်ဆင့်ရှယ်ယာရင်းနှီးမြှုပ်နှံမှုအတုအယောင်များဖြင့် လိမ်လည်ပြီးငွေကြေးခဝါချနေသောနိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းဝင် ၃၉ ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းထိုင်းနိုင်ငံဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ၏တရားဝင်သတင်းထုတ်ပြန်ချက်အရသိရသည်။
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို(CIB) နှင့်အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန(ACSC)တို့ပူးပေါင်းဆောင်ရွက်ခဲ့သည့်အဆိုပါစစ်ဆင်ရေးကို ဘန်ကောက်၊ချင်းမိုင်၊ချင်းရိုင်၊ချွန်ဘူရီအပါအဝင်နိုင်ငံတစ်ဝန်းရှိခရိုင် ၁၁ ခုတွင်တစ်ပြိုင်နက်တည်းဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊စီးနင်းမှုအတွင်း ပြည်သူလူထုအားလိမ်လည်လှည့်ဖြားမှု၊ကွန်ပျူတာဥပဒေချိုးဖောက်မှုနှင့်ငွေကြေးခဝါချမှုစွဲချက်များဖြင့်ဝရမ်းထုတ်ခံထားရသည့်ထိုင်းနိုင်ငံသား၃၀ ဦး၊တရုတ်နိုင်ငံသား၈ ဦးနှင့်မြန်မာနိုင်ငံသား၁ ဦး စုစုပေါင်း သံသယရှိသူ၃၉ ဦးကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
စုံစမ်းဖော်ထုတ်ချက်များအရအဆိုပါဂိုဏ်းသည်ETO TH အမည်ရှိအက်ပလီကေးရှင်းနှင့်ဝက်ဘ်ဆိုက်အတုများကိုအသုံးပြုကာအကျိုးအမြတ်များစွာရရှိမည်ဟုဆိုကာသားကောင်များထံမှဘတ်သန်းပေါင်းများစွာကို လိမ်လည်ရယူခဲ့ခြင်းဖြစ်ပြီး၊လိမ်လည်ရရှိထားသောငွေကြေးများကို ခြေရာဖျောက်နိုင်ရန်ပွဲစားများ၊ငွေလဲစင်တာများနှင့်ဒစ်ဂျစ်တယ်ငွေကြေးများအဖြစ်အဆင့်ဆင့်ပြောင်းလဲကာငွေကြေးခဝါချမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ယင်းစစ်ဆင်ရေးအတွင်းပြစ်မှုကျူးလွန်ရာမှရရှိထားသည်ဟုယူဆရသောကာလတန်ဖိုးဘတ်သန်း ၅၀၀ကျော် (အမေရိကန်ဒေါ်လာ ၁၅သန်းခန့်)တန်ဖိုးရှိပိုင်ဆိုင်မှုများကိုသိမ်းဆည်းနိုင်ခဲ့ပြီး၎င်းတို့အနက် ဘတ်သန်း ၄၀၀ကျော်တန်ဖိုးရှိဇိမ်ခံနေအိမ်ကြီးများနှင့်ကွန်ဒိုတိုက်ခန်းများ၊ Porsche၊ Lexus၊ Toyota၊ Alphard နှင့်Mercedes-Benz စသည့်ဇိမ်ခံမော်တော်ယာဉ်၁၀ စီး၊ပြည်တွင်း/ပြည်ပငွေသားများနှင့်ဒစ်ဂျစ်တယ်ငွေကြေး (USDT) များ၊တန်ဖိုးကြီးလက်ဝတ်ရတနာများ၊အမှတ်တံဆိပ်ပါ နာရီနှင့်အိတ်များအပြင်အီလက်ထရောနစ်သက်သေခံပစ္စည်းအမြောက်အမြားပါဝင်ခဲ့ကာ၊လက်ရှိတွင်ဖမ်းဆီးရမိထားသောတရားခံ ၃၉ ဦးစလုံးအားသက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိများထံလွှဲပြောင်းပေးအပ်ထားပြီးဥပဒေအရအမြင့်ဆုံးအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းCIB ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။




Comments