ပါကစ္စတန်အနောက်မြောက်ပိုင်း စာသင်ကျောင်းအမိုး ပြိုကျမှုကြောင့် ကျောင်းသား ၂၉ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ
အောက်တိုဘာ ၁၅၊ Horizons

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့ရှိ ကိုယ်ပိုင်စာသင်ကျောင်းတစ်ကျောင်း၏ အမိုးသည် အောက်တိုဘာ ၁၅ ရက်တွင် ပြိုကျခဲ့သဖြင့် အသက် ၁၃ နှစ်နှင့် အောက် ကလေးငယ် ၂၉ ဦးထက်မနည်းနှင့် ဆရာမတစ်ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆေးရုံတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အခြားကျောင်းသားများနှင့် ဝန်ထမ်း ၄၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ခိုင်ဘာ ပက်ခ်တွန်ခွာပြည်နယ်၏ မြို့တော်ဖြစ်သော ပက်ရှ်ဝါမြို့၊ ဒီယာကော်လနီဒေသ၌ ယင်းအဖြစ်ဆိုး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ရဲတပ်ဖွဲ့မှူး မီယန်ဆာအီးဒ်က ပြောဆိုသည်။

သေဆုံးသွားသည့် ကျောင်းသားများနှင့် ဆရာမ၏ ရုပ်အလောင်းများကို Lady Reading ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အာဆင်မ်က အတည်ပြုခဲ့သည်။
ဒဏ်ရာရရှိသူများကို အရေးပေါ် ကုသပေးနိုင်ရန် အဆိုပါ ဆေးရုံတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ် ၂၅ ဦးကို ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ကယ်ဆယ်ရေး တာဝန်ရှိသူများက ဆိုသည်။

ပြိုကျ အဆောက်အအုံ အပျက်အစီးများအောက်တွင် ပိတ်မိနေနိုင်သေးသည့် ကျောင်းသားများနှင့် ကျောင်းဝန်ထမ်းများကို ကယ်ဆယ်နိုင်ရန် ရှာဖွေရေးအဖွဲ့များက အပျက်အစီးများကို ရှင်းလင်းလျက်ရှိသည်။ ကျောင်းအမိုး ရုတ်တရက် ပြိုကျရသည့် အကြောင်းအရင်းကိုမူ လတ်တလောတွင် တိကျစွာ မသိရသေးပေ။
ပါကစ္စတန် ဝန်ကြီးချုပ် ရှက်ဘက်ဇ် ရှာရစ်က ယခုကဲ့သို့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပေါ် အလွန်အမင်း ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။ သေဆုံးသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဝန်ကြီးချုပ်က နှစ်သိမ့်စကား ဆိုခဲ့သည်။
ဒဏ်ရာရရှိသူများ အမြန်ဆုံး ပြန်လည်သက်သာလာစေရန် ဆုတောင်းပေးခဲ့ပြီး ၎င်းတို့အား အကောင်းဆုံး ဆေးဝါးကုသမှုများ ပေးအပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားသည်။ ပါကစ္စတန်နိုင်ငံတွင် ဆောက်လုပ်ရေး စံချိန်စံညွှန်း အားနည်းမှုကြောင့် အဆောက်အအုံများ ပြိုကျသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
News: Reuters




Comments