top of page
Logo-Icon.png

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းဆီသို့ သွားရန်ကြိုးပမ်းသည့် တရုတ်နိုင်ငံသား ၇ ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဘန်ကောက် ၊ ဩဂုတ် ၃၁ ၊ Horizons



ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ကျားဖြန့်အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းနေရာသို့သွားရောက်လုပ်ကိုင်ရန် ကြိုးပမ်းခဲ့ကြသည်ဟု ထိုင်းအာဏာပိုင်များက ဆိုသည့် တရုတ်နိုင်ငံသား ၇ ဦးကိုချွန်ဘူရီခရိုင်တွင် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။



အဆိုပါ ဖမ်းဆီးမှုကို ဩဂုတ်လ ၂၈ ရက်ကချွန်ဘူရီခရိုင်၊ မူအန်ချွန်ဘူရီမြို့နယ်အတွင်းရှိ အမျိုးသားအဝေးပြေးလမ်းမကြီး အမှတ် ၃၄၄ ပေါ်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်အသေးစိတ်ကို ထိုင်းအာဏာပိုင်များက ဩဂုတ်လ ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


ထိုင်းရဲတပ်ဖွဲ့ဝင်များသည် သံသယဖြစ်ဖွယ် မော်တော်ယာဉ် ၂ စီးကိုရပ်တန့်စစ်ဆေးရာမှ တရုတ်နိုင်ငံသား ၇ ဦးကိုတွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အနက် အချို့မှာတရားဝင် နိုင်ငံကူးလက်မှတ် သို့မဟုတ် ကိုယ်ရေးအထောက်အထားတစ်စုံတစ်ရာမပါရှိကြကြောင်းသိရသည်။


ရဲတပ်ဖွဲ့က ယာဉ် ၂ စီးအတွင်းမှမိုဘိုင်းဖုန်း ၁၄ လုံးနှင့် ပျက်စီးနေသော နိုင်ငံကူးလက်မှတ် ၄ အုပ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်းထိုင်းအစိုးရ ပြန်ကြားရေးဌာန၏ ဖော်ပြချက်အရသိရှိရသည်။


စစ်ဆေးမေးမြန်းချက်များအရ အဆိုပါတရုတ်နိုင်ငံသား ၇ ဦးသည် ဗီယက်နမ်နိုင်ငံမှတစ်ဆင့် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိခဲ့ပြီးထိုမှတဆင့် ထိုင်းနိုင်ငံ၊ ချန်ထဘူရီခရိုင်အတွင်းရှိ နယ်စပ်ဒေသမှ သဘာဝလမ်းကြောင်းကို အသုံးပြုကာ တရားမဝင် ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ၊ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်း လည်ပတ်ရာနေရာတစ်ခုသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ရန် ဖြစ်သည်ဟုဆိုသည်။


အဆိုပါ တရုတ်နိုင်ငံသား ၇ ဦးကိုသယ်ဆောင်ပေးရန်အတွက် ထိုင်းယာဉ်မောင်း ၂ ဦးကို ငှားရမ်းခဲ့ပြီး ချန်ထဘူရီမှ ဘန်ကောက်သို့ပို့ဆောင်ပေးရန်အတွက် တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ရရှိမည်ဟု သဘောတူထားကြောင်းစစ်ဆေးချက်များအရပေါ်ပေါက်ခဲ့သည်။


ထိုင်းရဲတပ်ဖွဲ့က ယခုကဲ့သို့ ဖမ်းဆီးမှုသည်တရားမဝင် နိုင်ငံခြားသား သယ်ဆောင်သည့်ကွန်ရက်များကို ဖော်ထုတ်ရန်ဆောင်ရွက်နေသည့် “Ghost Driver” စစ်ဆင်ရေးနှင့်ဆက်စပ်နေကြောင်း ပြောကြားထားသည်။


ထို့အပြင် ဖမ်းဆီးခံရသူ ၇ ဦးအနက် တရုတ်နိုင်ငံသားတစ်ဦးသည်တရုတ်အာဏာပိုင်များက ထုတ်ထားသည့် ဖမ်းဝရမ်းရှိသူ ဖြစ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးဆက်သွယ်ရေးနည်းပညာ အသုံးပြု လိမ်လည်မှု (Telecom Fraud) အမှုနှင့် ဆက်စပ်နေကြောင်းသိရသည်။


ယင်းဖြစ်စဉ်တွင် တရုတ်နိုင်ငံသား ၇ ဦးကိုထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်မှုဆိုင်ရာ ဥပဒေများအရ အရေးယူရန် ဆောင်ရွက်နေပြီး ၎င်းတို့ကိုသယ်ဆောင်ပေးခဲ့သည့်ထိုင်းယာဉ်မောင်း ၂ ဦးကိုလည်း တရားမဝင် ဝင်ရောက်လာသူများကို ကူညီသယ်ဆောင်ပေးမှုဖြင့်ဆက်လက် အရေးယူထားကြောင်းသိရှိရသည်။


(Photo and Video - Face line news)



Comments


bottom of page