နီပေါတွင် ရေကြီးမှုများ ထပ်မံဖြစ်ပွားရာ ပြည်ပတောင်တက်သမား ၁၀၀ ကျော် ပိတ်မိနေ
အောက်တိုဘာ ၁၃၊ Horizons

နီပေါနိုင်ငံရှိ ဗူဒီဂန္ဓကီမြစ်အတွင်း ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်ပ တောင်တက်သမား ၁၀၀ ကျော် ပိတ်မိနေကြောင်း သိရသည်။
မြို့တော် ခတ္တမန္ဒူ၏ အနောက်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ ဂေါ်ခါခရိုင်၌ အောက်တိုဘာ ၁၁ ရက်နေ့က မြေပြိုမှုဖြစ်ပွားပြီးနောက် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရေကြီးမှုကြောင့် နေအိမ် ၂၀၀ ကျော် ရေမျောပါသွားခဲ့ပြီး တံတား ၅ စင်းနှင့် ရေအားလျှပ်စစ်စက် ရုံ တည်ဆောက်ရေးစခန်းများ ပျက်စီးခဲ့ရသည်။
ဒေသခံ အများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရပြီး နွားကျောင်းသား ၅ ဦး ပျောက်ဆုံး လျက်ရှိကြောင်း ဒေသန္တရ အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ကယ်ဆယ်ရေးအဖွဲ့များက နိုင်ငံခြားသား အချို့အပါအဝင် လူပေါင်း ၃၂၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ ပြီး သေဆုံးသူ မရှိသေးကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ဆိုသည်။

ယခု ရေကြီးမှုသည် နီပေါ-တရုတ် နယ်စပ်အနီး ဘိုတေကိုရှီမြစ်အတွင်း လူ ၁,၄၅၇ ဦး သေဆုံးခဲ့ရ သည့် ရေကြီးမှု ဖြစ်ပွားပြီး ၂ လခန့်အကြာတွင် ထပ်မံ ဖြစ်ပွားခြင်းဖြစ်သည်။
\
အောက်တိုဘာလသည် နီပေါနိုင်ငံ၌ တောင်တက်ခရီးသွား အများဆုံး လများအနက် တစ်ခုဖြစ်ပြီး ယခုဖြစ်စဉ်ကြောင့် တောင်တက်လမ်းများ ရေမျောပါကာ ခရီးသွားများ ပိတ်မိနေခြင်း ဖြစ်သည်။
အချို့သော ခရီးသွားများမှာ လမ်းကြောင်း ပျက်စီးသွားသဖြင့် ရှေ့ဆက်၍သော်လည်းကောင်း၊ နောက်ပြန်လှည့်၍သော်လည်းကောင်း သွားရောက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
ပိတ်မိနေသော ခရီးသွားများနှင့် ဒေသခံများကို ရဟတ်ယာဉ်များဖြင့် ဘေးလွတ်ရာသို့ ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။နီပေါအစိုးရက ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ဆိုသော်လည်း တောင်ပေါ်နေ ဒေသခံ များကမူ ဖုန်းနှင့် လူမှုကွန်ရက်တို့မှတစ်ဆင့် အောက်ပိုင်းရှိ ကျေးရွာများကို သတိပေးခဲ့သည်။
ဒေသတွင်း တောင်တန်းဆိုင်ရာ အဖွဲ့အစည်းများက တောင်ပေါ်ဒေသရှိ ပြည်သူများအနေဖြင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြထားသည်။အာဏာပိုင်များက လမ်းပန်းဆက်သွယ်ရေး ရရှိသည့် ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ ကားဖြင့် ပို့ဆောင်ပေးနေပြီး ဝေးလံခေါင်ဖျား ကျေးရွာများသို့ ရဟတ်ယာဉ်များဖြင့် ကူညီပေးလျက်ရှိ သည်။
News & Photo: The Independent




Comments