"ပေါ်တာဆွဲ" နဲ့ "ပေါ်တင်ဆွဲ"

နေပြည်တော်က အာဏာရူးအဘတွေဟာ တိုင်းပြည်စီးပွားရေးကို စိစိညက်ညက်ကြေအောင် ဖျက်ဆီးထားရုံတင်မကဘဲ ရှေ့တန်းမှာ အသေအလဲရှုံးပြီးတပ်ပျက်နေချိန်မှာ ပြည်သူတွေဆီကနေ အသက်သွေးချွေးတွေကိုပါ နည်းလမ်းပေါင်းစုံနဲ့စုပ်ယူဖို့ ကြိုးစားနေကြပါတယ်။
ကာတွန်းထဲက လူငယ်လေးက "ပြည်ပရောက် အလုပ်သမားတွေဆီကနေ လစာငွေ ၂၅ % လိုချင်လို့တဲ့" လို့ ပြောလိုက်တဲ့စကားဟာ အဘတို့ရဲ့ အောက်တန်းကျလှတဲ့ ဓားပြတိုက်မှုကို မီးမောင်းထိုးပြလိုက်တာပါပဲ။ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် မရှိ၊ စီးပွားရေးပျက်ကပ်ဆိုက်နေလို့ မိသားစုစားဝတ်နေရေးအတွက် နိုင်ငံရပ်ခြားမှာသွားရောက်ပြီး ကျပန်းရုန်းကန်နေရတဲ့ အောက်ခြေလုပ်သားတွေရဲ့ ချွေးနှဲစာကိုတောင် မရှက်မကြောက် ဗြောင်ကျကျခေါင်းပုံဖြတ်ဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို အမျိုးသမီးဖြစ်သူက အထိမိဆုံးစကားလုံးနဲ့ သရော်လိုက်ပါတယ်။ "အဲဒါပေါ့ ပြည်တွင်းမှာတော့ စစ်မှုထမ်း ပေါ်တာဆွဲပြီး ပြည်ပဆီကကျ စစ်စရိတ် ပေါ်တင်ဆွဲတာ" တဲ့လေ။
ဒီပြက်လုံးလေးဟာ ခေတ်ပျက်ကြီးရဲ့လက်တွေ့အမှန်တရားကို ကွက်ကွက်ကွင်းကွင်း ပြသနေပါတယ်။မြန်မာပြည်တွင်းမှာ ကျန်နေခဲ့တဲ့လူငယ်တွေကိုတော့ ရှေ့တန်းမှာ အသေခံဖို့ "စစ်မှုထမ်း" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး "ပေါ်တာဆွဲ" ပါတယ်။ပြည်ပကို ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေကိုတော့ သူတို့ပြည်သူကို ပြန်သတ်မယ့် စစ်လက်နက်တွေ ဝယ်ဖို့နဲ့ စစ်စရိတ်ကာမိဖို့ "ပေါ်တင်ဆွဲ" ပြီး ဓားပြတိုက်နေတာပါ။ပြည်တွင်းမှာနေရင် အသက်ကို လုမယ်၊ ပြည်ပမှာနေရင် ငွေကို လုမယ်ဆိုတဲ့ အဘတို့ရဲ့ မာဖီးယားဂိုဏ်းဆန်ဆန် ယုတ်မာမှုကြီးပါပဲ။
တိုင်းပြည်ကို ငရဲခန်းအဖြစ် ဖန်တီးထားပြီး ပြည်သူတွေရဲ့ အသက်ရော၊ ချွေးနှဲစာကိုပါ အရှက်မရှိလုယက်နေတဲ့ အာဏာရူးစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို "ပေါ်တာဆွဲ" နဲ့ "ပေါ်တင်ဆွဲ" ဆိုတဲ့ စကားလုံးတွေ သုံးပြီး သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments