"ဖော့တုံး ကိုယ်ဝန်"
- Horizons News

- Aug 22
- 1 min read


အရင်ခေတ်တွေက မိန်းကလေးတွေ ဖော့ခံအသုံးပြုတယ်ဆိုတာ အလှအပခန္ဓာကိုယ် ကောက်ကြောင်းလေး ပေါ်လွင်ဖို့သက်သက်ပဲလေ။အခု ခေတ်ပျက်ကြီးထဲရောက်ရော အဲဒီ "ဖော့ခံ" ဆိုတာ အလှအပအတွက်မဟုတ်တော့ဘဲ အသက်ဘေးကလွတ်ဖို့ဝတ်ဆင်ရတဲ့ "အသက်ကယ်အင်္ကျီ (Life Jacket)" လို ဖြစ်လာပါပြီဗျာ။
နေပြည်တော်က အကောင်တွေက စစ်တိုက်ဖို့လူမရှိတော့ "စစ်မှုထမ်းဥပဒေ" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ၊ လူဖမ်းပွဲတွေလုပ်နေကြတာလေ။ဒီတော့ ပြည်သူတွေခမျာ ပြေးစရာ မြေမရှိ၊ ပုန်းစရာ ကယ်ပေါက် (ထွက်ပေါက်) မရှိနဲ့ သောကရောက်နေကြရတာ။ ယောက်ျားလေးတွေက နိုင်ငံခြားထွက်ပြေး၊ တောခို ပြေးနေကြရချိန်မှာ မြို့ပေါ်မှာ ကျန်ခဲ့တဲ့ မိန်းကလေးတွေလည်းလမ်းပေါ်ထွက်ရင် ဘယ်အချိန်ကားမည်းကြီးပေါ် အတင်ခံရမလဲဆိုပြီး ရင်တမမနဲ့ နေနေရတဲ့ ဘဝတွေပါ။
ဒီတော့ ကာတွန်းထဲက ကောင်မလေး တွေးသလိုမျိုး ဉာဏ်ထုတ်ရတော့တာပေါ့။ဟိုကောင်တွေရဲ့ လိုင်စင်ရလူသတ်ဂိုဏ်းထဲ မပါချင်ရင် သူတို့ဖမ်းလို့ မရမယ့် "ကိုယ်ဝန်ဆောင်သည်" အဖြစ် ဟန်ဆောင်တာ အလုံခြုံဆုံးပဲလေ။အဲဒီတော့ အပြင်ထွက်ရင် ကိုယ့်ဗိုက်ကိုယ် ဖော့တုံးတွေ အထပ်ထပ်ခံပြီး "ဖော့တုံး ကိုယ်ဝန်" လေး ဖန်တီးကာ သွားမှပဲ စိတ်အချရဆုံးဖြစ်မယ့် အခြေအနေဆိုက်နေပါပြီ။ကျည်ကာအင်္ကျီ ဝတ်တာထက် ဖော့တုံး ကိုယ်ဝန်ဆောင်တာက ပိုလုံခြုံနေတဲ့ ခေတ်ကြီးကိုးဗျ။
အာဏာရူးတွေက အကြောက်တရားနဲ့အုပ်ချုပ်ဖို့ကြိုးစားနေပေမယ့် ပြည်သူတွေကလည်း ရတဲ့နည်းနဲ့ရှင်သန်ဖို့ ခါးသီးစွာရုန်းကန်နေကြရတာကိုကြည့်ပြီး ရယ်ရမလို ငိုရမလိုပါပဲ။နောက်ဆို မြို့ပေါ်က လမ်းတွေပေါ်မှာ အပျိုစင်ဗိုက်ကြီးသည်တွေချည်း ပြည့်နေရင်လည်း အံ့သြမနေပါနဲ့တော့။ အဲဒါ နိုင်ငံတော်ရဲ့ လူဦးရေ တိုးတက်လာတာ မဟုတ်ပါဘူး၊ ပေါ်တာဆွဲမခံရအောင် ပြည်သူတွေက ဖော့တုံးတွေနဲ့ ကိုယ်ဝန် (ဟန်) ဆောင်ပြီး အသက်လုနေရတာပါဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments