top of page
Logo-Icon.png

ဖိလစ်ပိုင်နှင့် စစ်ဖြစ်ပါက အလွယ်တကူ အနိုင်ရနိုင်သော်လည်း ငြိမ်းချမ်းရေးကိုသာ လိုလားဟု တရုတ် ပြော 

8 hours ago
1 min read

အောက်တိုဘာ ၁၆၊ Horizons


 

ဖိလစ်ပိုင်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားပါက တရုတ်နိုင်ငံက လွယ်ကူစွာ အနိုင်ရရှိနိုင်သော်လည်း လက်နက်အားကိုး၍ ဖြေရှင်းမည်မဟုတ်ဘဲ ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျင်ချွမ်းက ပြောကြားလိုက်သည်။

 

အောက်တိုဘာ ၁၅ ရက်က ကွီဇုန်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ကျင်ချွမ်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ် ပြဿနာများနှင့် ပတ်သက်၍ ဖိလစ်ပိုင်အစိုးရအနေဖြင့် သတိထားဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်းမားကို့စ်ဂျူနီယာက ယင်းသည် သံတမန်ရေးရာနှင့် မညီဘဲ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသဖြင့် တရုတ်သံအမတ်ကြီးနှင့် လူချင်းတွေ့ဆုံ မေးမြန်းလိုကြောင်း တုံ့ပြန်ခဲ့သည်။

 

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂေးလ်ဘာတိုတီအိုဒိုရိုက တရုတ်နိုင်ငံကို ဒေသတွင်း ပြဿနာရှာသူအဖြစ် စွပ်စွဲမှုအပေါ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ကျင်ချွမ်းက ပြန်လည်တုံ့ပြန်ရာမှာ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့ အင်အားသုံးချင်ရင် လွယ်လွယ်လေး အနိုင်ရနိုင်ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ အင်အားမသုံးပါဘူး၊ ကျနော်တို့က ငြိမ်းချမ်းရေးကိုပဲ လိုလားတာပါ” ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။

 

ဖိလစ်ပိုင် အာဏာပိုင်များက နိုင်ငံအတွင်းရှိ တရုတ်ဆရာများနှင့် အလုပ်သမားများကို ပစ်မှတ်ထား နှောင့်ယှက်နေပြီး တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကိုနေ့စဉ် ထိခိုက်အောင် ပြုလုပ်နေသည်ဟု သူက စွပ်စွဲခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်ချွမ်း၏ စကားလုံး သုံးနှုန်းမှုမှာ သင့်တော်မှုမရှိဘဲ စစ်အင်အားသုံးမည်ဟု သွယ်ဝိုက်ခြိမ်းခြောက်သည့် ပုံစံမျိုး ဖြစ်နေသဖြင့် ဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့သည်။

 

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေးတာရီအီလာက အင်အားကြီး အိမ်နီးချင်းနိုင်ငံက ဥပဒေများကို ထပ်ခါတလဲလဲ ချိုးဖောက်ပြီးမှ ကျေးဇူးတင်သင့်သည်ဟု ပြောဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း x လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

 

ကျင်ချွမ်း၏ ပြောကြားချက်များနှင့် ပတ်သက်၍ မနီလာမြို့ရှိ တရုတ်သံရုံးကမူ အဆိုပါ စကားများကို အဓိပ္ပာယ် ကောက်လွဲနေခြင်း ဖြစ်သည်ဟု ပြန်လည်ရှင်းလင်းခဲ့သည်။ တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံနှင့် တည်ငြိမ်သည့် ဆက်ဆံရေးကိုသာ လိုလားပြီး သမိုင်းနှင့် ယဉ်ကျေးမှုအရ နီးကပ်သည့် အိမ်နီးချင်းကောင်းအဖြစ် ရှုမြင်ကြောင်း တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် သီတင်းပတ်က BRP Sierra Madre စစ်သင်္ဘောပေါ်မှ နာမကျန်းဖြစ်နေသော စစ်သားတစ်ဦးကို ဆေးဝါးကုသရန် ပို့ဆောင်စဉ် တရုတ်ကမ်းခြေစောင့်တပ်က ရေအမြောက်များဖြင့် ပစ်ခတ်တားဆီးခဲ့သဖြင့် ၁၀ နာရီနီးပါး ကြန့်ကြာခဲ့ရသည်။

 

အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်စစ်သင်္ဘောများနှင့် ကမ်းခြေစောင့်သင်္ဘော အမြောက်အမြား ပိုမို ကင်းလှည့်လာသဖြင့် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လျက်ရှိသည်။

 

News & Photo: The Independent

 


Comments


bottom of page