ယီမင်သမ္မတရုံးအား ဟူသီအဖွဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်ရာ လူ ၅ ဦး သေဆုံး
အောက်တိုဘာ ၁၆၊ Horizons

ယီမင်နိုင်ငံ၏ ယာယီမြို့တော် တောင်ပိုင်းဆိပ်ကမ်းမြို့ အေဒင်ရှိ နိုင်ငံတကာက အသိအမှတ်ပြု အစိုးရအဖွဲ့ ရုံးစိုက်ရာ သမ္မတနန်းတော်ကို ဟူသီအဖွဲ့က ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ငါးဦး ထက်မနည်း သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အယ်လ်မာရှစ်နန်းတော်ဝင်းအတွင်းသို့ တိုက်ခိုက်မှု ငါးကြိမ် ဖြစ်ပွားခဲ့သော်လည်း ဝန်ကြီးချုပ်နှင့် အခြားဝန်ကြီးများ ဘေးကင်းခဲ့ကြောင်း သတင်းအချက်အလက်ဝန်ကြီး မိုအမ်မာအယ်လ်အေရီယာနီက ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုသည် အေဒင်မြို့ရှိ ဆော်ဒီ စစ်ဆင်ရေး ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီအဖွဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက ဆိုသည်။

ဆော်ဒီအာရေးဗီးယား ဦးဆောင်သော မဟာမိတ်အဖွဲ့သည် အီရန် ကျောထောက်နောက်ခံပြု ဟူသီများကို တိုက်ခိုက်နေသည့် အစိုးရလိုလားသော တပ်ဖွဲ့များ၏ ထိုးစစ်ကို ဝေဟင်မှ ကူညီပံ့ပိုးပေးလျက်ရှိသည်။ သေဆုံး ဒဏ်ရာရရှိခဲ့သူများတွင် နန်းတော်လုံခြုံရေး ဝန်ထမ်းများနှင့် အရပ်ဘက် ဝန်ထမ်းများ ပါဝင်ကြောင်း ယီမင် ကျန်းမာရေးဝန်ကြီး ကာဆင်ဘိုဟိုင်းဘ်က ထုတ်ပြန်သည်။
အေဒင်မြို့ရှိ သမ္မတနန်းတော်ကို ဟူသီတို့ တိုက်ခိုက်ခဲ့မှုကို ယီမင်ဝန်ကြီးချုပ် ရှာယာဇင်ဒါနီက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်မှာ သူရဲဘောကြောင်ကာ ရာဇဝတ်မှုမြောက်သည့် အပြုအမူကို ဆက်လက် ကျူးလွန်ခြင်းဖြစ်ကြောင်း ဝေဖန်သည်။
အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ တာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ပြီး ယီမင်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်နက် ကမ်းရိုးတန်းနှင့် အခြား ရှေ့တန်းစခန်းများရှိ ဟူသီအဖွဲ့ကို စစ်ဆင်ရေးများကို လုပ်ဆောင်ရာတွင် တပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကို ယုတ်လျော့စေမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော ယီမင်ပြည်တွင်းစစ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရပြီး အဆိုပါပဋိပက္ခမှာ ၂၀၁၅ ခုနှစ်တွင် ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့ ဝင်စွက်ဖက်လာပြီးနောက် ပိုမို ပြင်းထန်လာခဲ့သည်။
ဒေသတွင်း တင်းမာမှုများ မြင့်တက်လာခြင်းနှင့်အတူ ဆော်ဒီအာရေးဗီးယားနှင့် ဟူသီတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပျက်ပြားလာကာ တိုက်ခိုက်မှုများ ဆက်ဖြစ်နေသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်လျက်ရှိကြသည်။
News & Photo: BBC News




Comments