အမေရိကန်နှင့် မြန်မာစစ်ကောင်စီ တိုကျိုမြို့၌ လျှို့ဝှက်ဆွေးနွေးပွဲ ထပ်မံပြုလုပ်
အောက်တိုဘာ ၁၆၊ Horizons

အမေရိကန်အစိုးရနှင့် မြန်မာစစ်ကောင်စီတို့သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထပ်မံ ပြုလုပ်ခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ထိုတွေ့ဆုံမှုသည် တစ်လအတွင်း ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလာမှုဖြစ်သည်။
စက်တင်ဘာလလယ်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ဖမ်းဆီးခံအမေရိကန် စီးပွားရေးသမားတစ်ဦး လွတ်မြောက်ရေးနှင့် အွန်လိုင်းငွေလိမ်စခန်းများ ပိတ်သိမ်းရေးကို ဆွေးနွေးခဲ့ကြသော်လည်း ယခုဆွေးနွေးပွဲတွင်မူ မြန်မာနိုင်ငံရှိ မြေရှားသတ္တု ထုတ်ယူခွင့်အထိ ကျယ်ပြန့်စွာ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
တိုကျိုမြို့၌ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ်ဗန့်စ်က ဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ ၁၀ ဦးထက်မက ပါဝင်ခဲ့သည်။ မြန်မာစစ်ကောင်စီမှ မည်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
အမေရိကန်ပြည်သူများထံမှ ဒေါ်လာဘီလီယံချီ လိမ်လည်နေသည့် ကျားဖြန့်လုပ်ငန်းများ ပိတ်သိမ်းရေးနှင့် လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် စက်ရုံများတွင် သုံးစွဲသည့် ရှားပါးသတ္တု ရရှိရေးတို့မှာ အမေရိကန်၏ အဓိက လိုလားချက်များ ဖြစ်သည်။ အဆိုပါ မြေရှားသတ္တုသိုက် အများစုမှာ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်နယ်မြေများ၌ တည်ရှိနေသဖြင့် အမေရိကန်အစိုးရအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သည် မြန်မာစစ်ကောင်စီနှင့် ဆက်နွှယ်သည့် စီးပွားရေးသမားတစ်ဦး၏ သမီးဖြစ်သူအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းပေးခဲ့ပြီး ယင်းသည် မူဝါဒဆိုင်ရာ ချဉ်းကပ်မှုအသစ် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ အမေရိကန်အစိုးရသည် မြန်မာပဋိပက္ခကို အပြန်အလှန် အကျိုးအမြတ် ရယူရေးအမြင်ဖြင့် ကြည့်မြင်လာခြင်းဖြစ်ပြီး မြေရှားသတ္တုကို အဓိက လိုလားချက်အဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်ဖက်စလုံးနှင့် လိုအပ်သလို ဆက်သွယ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားရန် ငြင်းဆန်ခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ရှုတ်ချခဲ့သော်လည်း အနောက်နိုင်ငံများကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ မပြုလုပ်ခဲ့ဘဲ လက်ရှိတွင် ဂျပန်ကုမ္ပဏီ ၃၀၀ ခန့် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံထားဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအမြောက်အမြား သေဆုံးနေရဆဲ ဖြစ်သော်လည်း အမေရိကန်နှင့် မြန်မာကြား သံတမန်ရေးရာ တွေ့ဆုံမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
News: Reuters




Comments