ဖယ်ခုံ PDF တပ်ရင်း-၂ (အမှတ် - ၁၀၀၆ တပ်ရင်း) ၏ မွမ်းမံစစ်သင်တန်း အပတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ပြီး PDF ဘုံဘတ်တံဆိပ်ကို ပထမဆုံးအဖြစ် စတင် ပြောင်းလဲ တပ်ဆင်
- Horizons News

- 8 hours ago
- 1 min read
ဖယ်ခုံ ၊ ဩဂုတ် ၃၁ ၊ Horizons

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီဒေသ စစ်ရေးနယ်မြေအတွင်း တက်ကြွစွာ လှုပ်ရှားလျက်ရှိသော ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်, တပ်ရင်း (၂) ၏ အမှတ် (၁၀၀၆) တပ်ရင်းတွင်ဖွင့်လှစ်ခဲ့သည့် အပတ်စဉ် (၃) မွမ်းမံ စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြီးခဲ့သည့် ဩဂုတ်လ (၃၀ ရက်) နံနက်ပိုင်းက အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းအဆိုပါ တပ်ရင်း၏ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။
ယခု ကျင်းပပြုလုပ်ခဲ့သော သင်တန်းဆင်းပွဲ၏ ထူးခြားချက် တစ်ရပ်အနေဖြင့် အမှတ် (၁၀၀၆) တပ်ရင်းသည် ရှမ်းတောင် - ကယား (ကရင်နီ) စစ်တိုင်း၏ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဘုံဘတ်တံဆိပ်ကိုမိမိတို့ တပ်ရင်း သမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်တရားဝင် စတင် ပြောင်းလဲတပ်ဆင်ခဲ့ကြကြောင်းထုတ်ပြန်ချက်တွင် အလေးပေး ဖော်ပြထားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားတွင် သင်တန်းသား ရဲဘော်များက တပ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုအပိုင်းအလိုက် မိမိတို့၏ စွမ်းဆောင်ရည်များကို လက်တွေ့ စစ်ရေးပြ သရုပ်ပြသမှုများ ပြုလုပ်ခဲ့ကြပြီး သင်တန်းအတွင်း စံပြ ဖြစ်ခဲ့ကြသောတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်ရေးနှင့် ပစ်ခတ်ရေးစွမ်းရည်များတွင် ထူးချွန်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များကိုတာဝန်ရှိသူများက ဂုဏ်ပြု ဆုလက်ဆောင်များချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အဆိုပါ မွမ်းမံ စစ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ တပ်ဖွဲ့ဝင် ရဲဘော်များအကြား စုစည်းညီညွတ်မှု အင်အားများ ပိုမို ခိုင်မာလာစေရန်၊ စည်းကမ်း စနစ်ကျမှုနှင့် အဖွဲ့အစည်းအတွင်း ကျစ်လစ်ခိုင်မာမှု မြင့်မားလာစေရန်အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် သိက္ခာများကို ပိုမို ကျွမ်းကျင် နားလည်လာစေရန် ရည်ရွယ်ကာ အထူး စီစဉ် သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၁၀၀၆) တပ်ရင်းက ဆိုသည်။
ယခုကဲ့သို့ သင်တန်းများကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပြီးနောက် တပ်ဖွဲ့ဝင် ရဲဘော်များအနေဖြင့် နောင်လာမည့် တော်လှန်ရေး လုပ်ငန်းစဉ်များအတွက် မိမိတို့၏ ခံယူချက်နှင့် ရည်မှန်းထားသည့် တော်လှန်ရေး ပန်းတိုင်ဆီသို့ ဆုံးဖြတ်ချက် ပိုမို ခိုင်မာစွာဖြင့် ရှေ့ဆက် တက်လှမ်းကြတော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မဟာမိတ် ညီနောင် တပ်ဖွဲ့ဝင်များ ကိုယ်တိုင် တက်ရောက်ကာ ဂုဏ်ပြု အားပေးခဲ့ကြသလို၊ အခြားသော မဟာမိတ် တပ်ရင်း တပ်ဖွဲ့များဘက်ကလည်း လေးစား ဂုဏ်ပြုကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (အမှတ် - ၁၀၀၆ တပ်ရင်း) အနေဖြင့်လည်း တော်လှန်ရေး ကာလ တစ်လျှောက်လုံးတွင် ပြည်သူလူထု တစ်ရပ်လုံး၏ ထောက်ခံ အားပေးမှုများနှင့်အတူ ရှေ့ဆက် ရပ်တည်သွားမည်ဖြစ်ပြီး၊ လွတ်မြောက်ရေး ရည်မှန်းချက်များ အားလုံး အောင်မြင်သည်အထိ အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကတိကဝတ် ပြုထားသည်။
(Photo - Battalion 1006 Pekhon People's Defence Force-2)



Comments