ဘဝထက် ပိုခိုင်မာတဲ့ "ကုန်ဈေးနှုန်း"
- Horizons News

- 5 days ago
- 1 min read

"ဘဝက ဘယ်လိုပဲ ဆိုးရွားခက်ခဲပါစေ... လုံးဝ မကျဘူး" တဲ့။
စကားလုံးလေးတွေက သောက်ရမ်းကို ခွန်အားဖြစ်စေတာပဲ။ ဖေ့စ်ဘွတ်ခ်ပေါ်က အောင်မြင်ရေးဟောပြောတဲ့ (Motivational Speaker) တွေတောင် သူ့လောက် စိတ်ဓာတ်ခိုင်မာမယ် မထင်ဘူး။ ကြားလိုက်ရတဲ့ ဘေးကလူခမျာတောင် ရင်ထဲ ကြည်နူးသွားပြီး "သြော်... ခက်ခဲကြမ်းတမ်းတဲ့ ခေတ်ပျက်ကြီးထဲမှာ ဒုက္ခတွေ ဘယ်လောက်များများ သူ့ရဲ့ မဆုတ်မနစ်တဲ့ စိတ်ဓာတ်လေးက လုံးဝကို မကျသွားပါလား" ဆိုပြီး အထင်တကြီးနဲ့ လှမ်းမေးလိုက်မိတာပေါ့။
"စိတ်ဓာတ်လား" လို့။
အဲဒီမှာတင် ပြန်ထွက်လာတဲ့ အဖြေက ပွဲသိမ်းသွားတယ်။
"ကုန်ဈေးနှုန်း" တဲ့ဗျာ။
စဉ်းစားသာကြည့်ကြပါတော့။အခု အဘတွေ 'သာယာဝပြောအောင်' အုပ်ချုပ်နေတဲ့ ခေတ်ကြီးထဲမှာ အရာရာဟာ အောက်ဆုံးအထိထိုးကျနေတာပါ။မြန်မာငွေကြေးတန်ဖိုးတွေ ကျဆင်းတယ်၊ ပြည်သူတွေရဲ့လူနေမှုအဆင့်အတန်းတွေ ထိုးကျတယ်၊နေပြည်တော်က အကောင်တွေရဲ့ ရှေ့တန်းစခန်းတွေဆိုတာလည်း ဖဲချပ်တွေလို တစ်ခုပြီးတစ်ခု တန်းစီကျတယ်။အဲဒီလို အရာရာ စောက်ထိုးမိုးမျှော် ကျဆင်းနေတဲ့အချိန်မှာ... အဘတွေရဲ့ မျက်နှာပြောင်တိုက်မှုရယ်၊ ဒီ "ကုန်ဈေးနှုန်း" ရယ်ကလွဲရင် ဘာမှကို မတ်မတ်မနေနိုင်တော့ပါဘူး။
ကမ္ဘာ့ဆွဲအား (Gravity) ကိုတောင် အန်တုပြီး လုံးဝကိုအောက်ပြန်မဆင်းလာတဲ့ အရာဆိုလို့ ဒီ ကုန်ဈေးနှုန်း ပဲ ရှိတော့တာလေ။ပြည်သူတွေခမျာ ဘဝတွေ၊ စိတ်ဓာတ်တွေ ဘယ်လောက်ပဲ ကျကျ၊ ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေးကအစ ဟိုး... အာကာသထဲ ရောက်မတတ်ကို နေ့စဉ်နဲ့အမျှ မြင့်တက်နေတာပါ။
ဒါကြောင့် ဒီခေတ်ကြီးထဲမှာ တစ်ယောက်ယောက်ကများ "ငါတော့ လုံးဝမကျဘူးဟေ့" လို့ ရင်ကော့ပြီးလာပြောရင် သူ့စိတ်ဓာတ်ကို ပြောတာလို့ သွားမထင်လိုက်ပါနဲ့။အဘတွေ ဖန်တီးပေးထားတဲ့ ခေတ်သစ်အငတ်ဘေးဆီ ဦးတည်နေတဲ့ "ကုန်ဈေးနှုန်း" ကြီးကို ရည်ရွယ်ပြီး ပြောနေတာသာ ဖြစ်ကြောင်းမောင်းခတ်လိုက်ရပါတယ်။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments