top of page
Logo-Icon.png

မိုးကောင်းနှင့်မိုးညှင်းမြို့နယ်ကြားရှိထီးချိုင့်ရွာနေပြည်သူများ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများ၏ရန်ကြောင့်တိမ်းရှောင်နေရ

13 hours ago
1 min read

မိုးကောင်း ၊ အောက်တိုဘာ ၁၅ ၊ Horizons



ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်နှင့်မိုးညှင်းမြို့နယ်ကြားရှိ ထီးချိုင့်ရွာနေပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများကဒုက္ခပေးနေကြောင်း ထွက်ပြေးလွတ်မြောက်လာသည့်ဒေသခံအချို့က Horizons Newsသို့ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင်ပြောသည်။


အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများက ဒေသခံပြည်သူများ၏လယ်ယာများနှင့်နွားများကို သိမ်းယူခြင်း၊တဲများကိုမီးရှို့ဖျက်ဆီးခြင်း၊အသက်မပြည့်သေးသည့်ကလေးငယ်များကို ဖမ်းဆီးခြင်းနှင့် ရိုက်နှက်နှိပ်စက်မှုများကိုလုပ်ဆောင်နေကြောင်း လွတ်မြောက်လာသည့်ဒေသခံတစ်ဦး၏ပြောပြချက်အရသိရသည်။



လွတ်မြောက်လာသည့်ဒေသခံတစ်ဦးက “ကျွန်တော်တို့ ရွာသားတွေ၊ပြည်သူတွေကို မတရားသဖြင့်ရွာထဲမှာမထင်ရင်မထင်သလို ရိုက်တာတို့၊ဟုတ်လည်းမဟုတ်ဘဲဟုတ်တယ်လုပ်ပြီးရိုက်တာ။အပြင်ထွက်ရင်/ဝင်ရင်လည်းလက်မှတ်ထိုးခိုင်းတယ်။လယ်သိမ်းချိန်ရောက်လို့ လယ်မသိမ်းရဖြစ်နေတာ။လယ်မလုပ်ရ၊အခင်းမလုပ်ရ”ဟုပြောသည်။


အကြမ်းဖက်စစ်ကောင်စီနှင့်ပျူစောထီးများက ကျေးရွာအဝင်အထွက်နှင့်ပတ်သက်၍ ဒေသခံပြည်သူများကိုလက်မှတ်ထိုးပြီးမှ သွားလာခွင့်ပြုရန်ကန့်သတ်ထားသည်ဟု အဆိုပါလွတ်မြောက်လာသည့်ဒေသခံကဆက်ပြောသည်။၎င်း၏ပြောပြချက်အရ အဆိုပါအကြမ်းဖက်လုပ်ရပ်များကြောင့်ဒေသခံပြည်သူများမှာ ဆန်စပါးစိုက်ပျိုးရိတ်သိမ်းရန်အခက်အခဲများဖြစ်ပေါ်နေကြောင်းသိရသည်။


အကြမ်းဖက်စစ်ကောင်စီ၏အကြမ်းဖက်မှုကို ခံနေရသည့်ထီးချိုင့်ရွာသည် မိုးကောင်းမြို့နယ်နှင့်မိုးညှင်းမြို့နယ်ကြား၊ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ဆားမှော်ကျေးရွာအုပ်စုတွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။



Comments


bottom of page