top of page
Logo-Icon.png

မိခင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန် သားဖြစ်သူကင်မ်အဲရစ်၏တောင်းဆိုစာကို ချက်သမ္မတနိုင်ငံရှိမြန်မာသံရုံ လက်မခံ

13 hours ago
1 min read

ပရာ့ဂ် ၊ အောက်တိုဘာ ၁၅ ၊ Horizons



ချက်သမ္မတနိုင်ငံ၊ပရာ့ဂ်မြို့ရှိမြန်မာသံရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးရန်တောင်းဆိုစာကိုလက်မခံခဲ့ကြောင်း သားဖြစ်သူကင်မ်အဲရစ်က ယမန်နေ့အောက်တိုဘာ(၁၄)ရက်တွင် ဓာတ်ပုံနှင့်တကွဖော်ပြခဲ့ကြောင်းသိရသည်။


သားဖြစ်သူကင်မ်အဲရစ်က“သူတို့ကျွန်တော့်စာတွေကိုလျစ်လျူရှုနိုင်ပါတယ်။ဒါပေမဲ့ ကျွန်တော်မေမေ့အတွက် ဘယ်တော့မှလက်မြှောက်အရှုံးပေးမှာမဟုတ်ပါဘူး။မေမေ့ကိုလွှတ်ပေးပါ။နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပါ”ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။



ကင်မ်အဲရစ်က မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ခံရကာဖုံးကွယ်ထားခံရသည်မှာ (၅)နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး သားတစ်ယောက်အနေဖြင့်မိခင်နှင့်တွေ့ဆုံခွင့်အပါအဝင် စကားပြောခွင့်ဆိုသည့်အခြေခံအခွင့်အရေးပင် မရခဲ့ကြောင်းထုတ်ဖော်ပြောဆိုထားသည်။


ချက်သမ္မတနိုင်ငံ၊ပရာ့ဂ်မြို့တွင်ကျင်းပနေသည့်Forum 2000ညီလာခံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူကင်မ်အဲရစ်ကတက်ရောက်နေခြင်းဖြစ်သည်။


“မြန်မာပြည်သူတွေကိုလည်း မျှော်လင့်ချက်မပျောက်ကြပါနဲ့လို့ပြောချင်ပါတယ်။ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ ခရီးကခက်ခဲပါတယ်။ဒါပေမဲ့ ပြည်သူတွေရဲ့သတ္တိနဲ့ ဇွဲလုံ့လကြောင့် လွတ်လပ်ရေးအတွက်မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေပါတယ်”ဟုလည်း ကင်မ်အဲရစ်က၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ဒီမိုကရေစီရရှိရေးတိုက်ပွဲတွင် ကိုယ်ကျိုးစွန့်အနစ်နာခံမှုကြောင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရရှိထားသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီက(၂၀၂၁)ခုနှစ်တွင် မတရားစွပ်စွဲချက်များဖြင့်နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။


Photo - Kim Aris - Htein Lin



Comments


bottom of page