မင်းတပ်မြို့အနီး စစ်ဘေးရှောင်များ နေထိုင်ရာ ကျေးရွာကို စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောင်းသားလူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သား (၈) ဦး သေဆုံး
- Horizons News

- 3 hours ago
- 1 min read
မင်းတပ် ၊ ဩဂုတ် ၃၁ ၊ Horizons

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် အရပ်သားပြည်သူများခိုလှုံနေထိုင်ကြသည့် ကျေးရွာတစ်ရွာကိုပြီးခဲ့သည့် ဩဂုတ်လ (၃၀ ရက်) ညနေ (၅) နာရီခန့်က အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှအကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား (၈) ဦး နေရာတွင်ပင်သေဆုံးသွားခဲ့ကြပြီး(၁၀) ဦးကျော် ပြင်းထန်စွာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောကြားသည်။
ဒေသခံများ၏ပြောပြချက်အရ အဆိုပါရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုကို (တံတားဦး လေတပ်စခန်း) မှပျံသန်းထွက်ခွာလာခဲ့ကြသည့် ဂျက်ဖိုက်တာ(၂) စီးကမြေပြင်တွင် တစ်စုံတစ်ရာသော တိုက်ပွဲဖြစ်ပွားခြင်း လုံးဝမရှိဘဲနှင့်ပင်စစ်ဘေးရှောင်များ နေထိုင်ရာကျေးရွာအတွင်းရှိ နေရာ (၂) ခုကိုတမင်ရည်ရွယ်ကာ ဦးတည်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း (ပေါင် ၅၀၀) ဗုံး အမျိုးအစားဟုယူဆရသော ဗုံးသီး (၄) လုံးကို အသုံးပြုခဲ့ကြပြီး (၂) ကြိမ်တိတိ ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခုကဲ့သို့လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အမျိုးသား (၄) ဦးနှင့်အမျိုးသမီး (၄) ဦး စုစုပေါင်းအရပ်သား (၈) ဦး သေဆုံးခဲ့ကြရသည်။ သေဆုံးသွားခဲ့ကြရသူများထဲတွင် ကလေးသူငယ်များဖြစ်ကြသည့် (KG တန်း) နှင့် (၉ တန်း) တို့တွင် ပညာသင်ကြားနေဆဲ ကျောင်းသား/သူ ကလေးငယ်များအပြင်အသက်အရွယ်ကြီးရွယ်နေပြီဖြစ်သည့်သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြကြောင်းသိရသည်။
ထို့အပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား (၁၀) ဦးကျော်ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြရပြီး ပြည်သူများ၏ နေအိမ်အလုံး (၂၀) ဝန်းကျင်ခန့် ပြင်းထန်စွာပျက်စီးဆုံးရှုံးခဲ့ရကာ အချို့သော နေအိမ်များမှာလည်းမီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။
ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သားပြည်သူများခိုလှုံရာ စစ်ဘေးရှောင် ကျေးရွာကိုရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခဲ့မှုအပေါ် အရပ်သားများသေဆုံး၊ ဒဏ်ရာရမှုများနှင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရခြင်းများအတွက်ဒေသခံပြည်သူများနှင့် တိုက်နယ် (၂) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က ပြင်းထန်စွာရှုတ်ချကြောင်းတရားဝင်ထုတ်ပြန်ထားကြသည်။
လက်ရှိအချိန်တွင် မင်းတပ်နှင့်ကန်ပက်လက်မြို့နယ်များဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား အမြောက်အမြားအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး မြေပြင် တိုက်ပွဲများသာမကဘဲ မြို့ရွာများအတွင်းရှိအရပ်သားများအသုံးပြုနေကြရသည့် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့်ဆေးရုံများကိုပါလေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့်ဒရုန်းဖြင့် တိုက်ခိုက်မှုများကိုနည်းမျိုးစုံဖြင့် ဆက်တိုက်ကျူးလွန်လျက် ရှိနေကြောင်းချင်းပြည်သူ့တပ်မတော် (CPA/CPU) က ထုတ်ဖော်ပြောဆိုထားသည်။
(Photo - Ĥkl Mindat)



Comments