top of page
Logo-Icon.png

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်တွင် ဆိုလာဘက်ထရီ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အသက် (၈၄) နှစ်အရွယ် အဘိုးတစ်ဦး သေဆုံး

မုံရွာ ၊ ဩဂုတ် ၃၁ ၊ Horizons



စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ မနောသုခလမ်းတွင်ပြီးခဲ့သည့် ဩဂုတ်လ (၃၀ ရက်) ညပိုင်းက ဆိုလာဘက်ထရီအပူလွန်ကဲကာရှော့ခ်ဖြစ်ရာမှတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊အဆိုပါ မီးလောင်မှုအတွင်းအသက် (၈၄) နှစ်အရွယ်အဘိုးဖြစ်သူမှာမီးလောင်ရာတွင် ပါဝင်သေဆုံးသွားခဲ့ကြောင်းသိရသည်။



မီးလောင်မှုဖြစ်စဉ်မှာ ည (၁၁) နာရီအချိန်ခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက်အသုံးပြုကြသည့် ဆိုလာစနစ်သုံးဘက်ထရီအိုးအပူလွန်ကဲလာကာရှော့ခ်ဖြစ်ရာမှတစ်ဆင့် အနီးအနားသို့ မီးများစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းကနဦးသတင်း အချက်အလက်များအရသိရှိရသည်။


ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုပြင်းထန်ခဲ့ခြင်းကြောင့် သွပ်မိုး၊ ကပ်ကာ (၂) ထပ်အိမ် (၁) လုံး၊ သွပ်မိုး၊ ကပ်ကာ (၁) ထပ်အိမ် (၂) လုံးတို့ မီးလောင် ဆုံးရှုံးခဲ့ရသည့်အပြင် ဆိုင်ကယ် (၂) စီး၊ ဆိုလာပြား (၃) ချပ်နှင့် ဘက်ထရီအိုး (၁) လုံးတို့လည်းမီးထဲပါသွားခဲ့သည်။ ထို့အပြင် မီးလောင်မှု ဖြစ်ပွားရာ နေအိမ်အတွင်းမိနစ်ပိုင်းအတွင်းပိတ်မိခဲ့သည့် အသက် (၈၄) နှစ်အရွယ် ဦးအောင်စန်းမှာ မီးလောင်ဒဏ်ရာများနှင့် အတူအသက်ဆုံးရှုံးခဲ့ရသည်။


မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းရရှိသည်နှင့်တစ်ပြိုင်နက် စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၊ မုံရွာခရိုင် မီးသတ်စခန်းနှင့် မုံရွာမြို့နယ် မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် ငြှိမ်းသတ်ရေး ယာဉ်တန်းမျာ အမြန်ဆုံးရောက်ရှိလာခဲ့ကြသည်။


မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် မီးသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၆) စီးတို့ကို အသုံးပြုခဲ့ကြပြီး သန္ဓေနှင့်အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပြင် မြန်မာနိုင်ငံ လူမှုကူညီရေးအဖွဲ့၊ (လူငယ်အားမာန်) နှင့် (ပေးဆပ်သူ) လူမှုကူညီရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဝိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့ကြသဖြင့် ည (၁၁) နာရီ (၂၅) မိနစ် အချိန်တွင် မီးကို အလုံးစုံထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါ မီးငြှိမ်းသတ်ရေး လုပ်ငန်းများကိုမုံရွာခရိုင်မီးသတ်ဦးစီးမှူး ဦးညီညီဇော်က အနီးကပ် ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယခုကဲ့သို့ ဖြစ်စဉ်များထပ်မံမဖြစ်ပွားစေရေးအတွက်လျှပ်စစ်မီးမမှန်သည့်ကာလများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည့် ဆိုလာစနစ်များနှင့် ဘက်ထရီများကိုတပ်ဆင်အသုံးပြုရာတွင် အထူး သတိပြုကြရန်လိုအပ်ကြောင်းကျွမ်းကျင်သူများကတိုက်တွန်းထားသည်။


အထူးသဖြင့် ဘက်ထရီအိုးများကို အပူလွန်ကဲနိုင်သည့် နေရာများတွင်ထားရှိခြင်းမပြုလုပ်ရန်၊ ဝါယာကြိုးများ၊ ချိတ်ဆက်မှုများနှင့်အားသွင်းစနစ်များတွင် ချို့ယွင်းမှု ရှိ၊ မရှိ ပုံမှန် စစ်ဆေးနေရန်လိုအပ်သည်။


အကယ်၍ ဘက်ထရီပုံမှန်မဟုတ်ဘဲအလွန်အမင်းပူလာခြင်း၊ မီးခိုးထွက်ခြင်း၊ အနံ့ဆန်းများ ထွက်လာခြင်း သို့မဟုတ် ပုံစံပြောင်းလဲကာ ဖောင်းကားလာခြင်းများတွေ့ရှိရပါကဆက်လက်အသုံးပြုခြင်း မပြုဘဲကျွမ်းကျင်သူများထံ ချက်ချင်းစစ်ဆေးပြုပြင်ခိုင်းရန်အရေးကြီးပေသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့ အမှတ် (၂) ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ (၂၈၅) အရ လိုအပ်သည့် တရားစွဲဆို အမှုဖွင့်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရသည်။


(Photo - VOM)



Comments


bottom of page