top of page
Logo-Icon.png

ရွှေကူမြို့တွင် စစ်ကောင်စီ စစ်သင်္ဘောအုပ်စု ကုန်ပစ္စည်းများချနေစဥ် ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ကုန်ထမ်းလုပ်သားများနှင့် အရပ်သားအချို့ ထိခိုက်သေဆုံး

ရွှေကူ ၊ ဩဂုတ် ၃၁ ၊ Horizons



ကချင်ပြည်နယ်၊ ရွှေကူမြို့ပေါ်သို့ ဆိုက်ရောက်လာကြသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုမှရေယာဉ်များပေါ်ပါကုန်ပစ္စည်းများကို ကုန်းပေါ်သို့ကုန်ချနေကြစဉ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာကုန်ထမ်းလုပ်သားများ အပါအဝင် အပြစ်မဲ့အရပ်သားအချို့ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံမြို့ခံများကပြောကြားသည်။


အဆိုပါရောက်ရှိလာခဲ့ကြသည့် စစ်သင်္ဘောအုပ်စုတွင် ကုန်တင်သင်္ဘောများနှင့် တွဲတွန်းသင်္ဘောများ အပါအဝင်စုစုပေါင်း ရေယာဉ် (၈) စီးပါဝင်ကြပြီး ရွှေကူမြို့ဆိပ်ကမ်းတွင် ရပ်နားကာ သယ်ဆောင်လာခဲ့ကြသောကုန်ပစ္စည်းများကို တင်ချနေခဲ့ကြစဉ် ယခုကဲ့သို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


ကုန်ပစ္စည်းများကုန်ချသည့်လုပ်ငန်းများကိုလုပ်ကိုင်ရာတွင် ရွှေကူမြို့ခံကုန်ထမ်းလုပ်သားများအပြင် အခြားသောဒေသများမှထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ပြည်သူများကိုပါ အဓိကအသုံးပြုခဲ့ကြပြီး အချို့သော လုပ်သားများမှ မိမိတို့ဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအကျပ် လုပ်အားပေးခိုင်းစေခံရခြင်းနှင့်ချောဆွဲခံရခြင်းများလည်းရှိခဲ့ကြောင်း ဒေသခံ တစ်ဦးကရှင်းပြသည်။


စစ်သင်္ဘောအုပ်စုရွှေကူမြို့၌ရပ်နားနေသည့်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်သင်္ဘောများနှင့် ကုန်ပစ္စည်းချမှတ်နေသည့် နေရာများဆီသို့ ဒရုန်းများဖြင့်အပြင်းအထန်ဝင်ရောက်တိုက်ခိုက်ခဲ့ကြသလို၊ စစ်ကောင်စီဘက်ကလည်း၎င်းတို့၏တိုက်ခိုက်ခံရမှုကိုတုံ့ပြန်သည့်အနေဖြင့် ရွှေကူမြို့နှင့်အနီးတစ်ဝိုက်နေရာများဆီသို့လေကြောင်းမှတစ်ဆင့် ပြန်လည်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။


ယင်းကဲ့သို့နှစ်ဘက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို ကုန်ထမ်းနေကြရသည့် ကုန်ထမ်းလုပ်သားများနှင့် အပြစ်မဲ့ဒေသခံအရပ်သား အချို့ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်းမြို့ခံများကဆိုသည်။


“ဒီမနက်တောင်မီးသဂြိုလ်စက်ကိုအသုဘချသွားတာတွေ့လိုက်တယ်။ တစ်ယောက်ပဲသေတယ်လို့တော့ကြားတယ်၊ ကျန်တာတော့အသေးစိတ်မသိရသေးပါဘူး” ဟု ဒေသခံ တစ်ဦးက Horizons သို့ ပြောကြားခဲ့သည်။


ယခုကဲ့သို့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရခြင်းမှာ ရွှေကူမြို့သို့ဆိုက်ရောက်လာခဲ့ကြသော စစ်ကောင်စီ၏ စစ်သင်္ဘောများနှင့်ကုန်တင်ရေယာဉ်များကို တော်လှန်ရေးတပ်ဖွဲ့များကပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုနေကြသည်။


(Photo - Kachin News Group)


Comments


bottom of page