top of page
Logo-Icon.png

မြန်မာပြည်က "ဇွတ်သမ္မတ" အတွက် ဆုတောင်း


သာမန်တိုင်းပြည်တွေမှာ ခေါင်းဆောင်တစ်ယောက် နေမကောင်းဖြစ်ပြီ၊ ကျန်းမာရေး ချို့တဲ့ပြီဆိုရင် ပြည်သူတွေက စိုးရိမ်တကြီးနဲ့ "မြန်မြန် ကျန်းမာလာပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ" ဆိုပြီး ဆုတောင်းပေးကြတာထုံးစံပါပဲ။ နော်ဝေဘုရင်ကြီး ကျန်းမာရေးမကောင်းတော့ သူ့တိုင်းသူပြည်သားတွေက မေတ္တာတွေပို့ပြီး အားပေးဆုတောင်းကြတာ တကယ့်ကိုကြည်နူးစရာပါ။ဒါဟာ တိုင်းပြည်နဲ့ ပြည်သူအပေါ် တကယ်စေတနာထားတဲ့ ခေါင်းဆောင်ကောင်းတွေသာ ရရှိတတ်တဲ့ ပြည်သူ့မေတ္တာပါပဲ။


အဲဒီသတင်းကြားတော့ ညာဘက်က မြန်မာပြည်သားကလည်း ချက်ချင်းဝင်ပြောပါတယ်။ "ကျုပ်တို့ဆီက ဇွတ်သမ္မတကြီး အတွက်လည်း ဆုတောင်းပေးနေတာပါပဲ" တဲ့။


ဟုတ်တာပေါ့။ မြန်မာပြည်သူတွေက ဘာသာတရား ကိုင်းရှိုင်းကြတယ်လေ။နေပြည်တော်က အဘတွေ၊ အာဏာသိမ်းဇွတ်သမ္မတတွေ နေမကောင်းဘူး၊ ဆေးရုံတက်ရတယ်(ဒါမှမဟုတ်) ရိုးရိုးလေးချော်လဲတယ်ဆိုတဲ့ သတင်းလေးကြားတာနဲ့တင် တစ်နိုင်ငံလုံးကပြည်သူတွေဟာ ဘုရားစင်ရှေ့သွားပြီး တခဲနက်ကိုဆုတောင်းပေးကြတာပါ။ "ဒီကောင်တွေကြောင့် ရွာတွေလည်း မီးရှို့ခံရပြီး မြေပုံပေါ်ကပျောက်၊ ပြည်သူတွေလည်း စစ်ဘေးရှောင်ရနဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးပြီး ဒုက္ခမျိုးစုံ ရောက်နေရတာမို့... အခု နေမကောင်းတဲ့ အရှိန်လေးနဲ့ပဲ တစ်ခါတည်းသာ မြန်မြန် သေလားပါစေ" လို့ ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲကို ဆုတောင်းပေးနေကြတာပါ။


ခေါင်းဆောင်တစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူ နေမကောင်းဖြစ်တဲ့အချိန်မှာ ပြည်သူတွေက "ဆေးရုံဆင်းဖို့" ဆုတောင်းပေးသလား၊ "နာရေးပေါ်ဖို့" ဆုတောင်းပေးသလား ဆိုတာကို ကြည့်ရင် အထင်အရှား သိနိုင်ပါတယ်။ သူများနိုင်ငံက ခေါင်းဆောင်တွေက မေတ္တာတွေ ရနေချိန်မှာ မြန်မာပြည်က အာဏာရူး ဇွတ်သမ္မတကြီးကတော့ တစ်တိုင်းပြည်လုံးက "မြန်မြန်သေဖို့" နေ့စဉ်နဲ့အမျှ ညီညီညာညာမေတ္တာပို့ဆုတောင်းခံနေရတဲ့ အဖြစ်ပါဗျာ။



ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page