top of page
Logo-Icon.png

"မြေဩဇာ"

Oct 4
1 min read

နေပြည်တော်က အာဏာရူးအဘတွေဟာ တိုင်းပြည်ကို သူတို့ပဲ အပြည့်အဝထိန်းချုပ်ထားနိုင်သယောင်၊ သူတို့ရဲ့ အမိန့်အာဏာနဲ့ ဩဇာတိက္ကမပဲ လွှမ်းမိုးနေသယောင်ယောင် နေ့တိုင်း လေလုံးထွားလေ့ရှိပါတယ်။ဒါပေမဲ့ မြေပြင်က တကယ့်လက်တွေ့မှာ အဘတို့ရဲ့စစ်တပ်ကြီး ဘယ်လောက်တောင် "ဩဇာ" ရှိနေသလဲလေ့လာကြည့်တယ်။


ကာတွန်းထဲမှာ "စကစ တပ်က မြေပြင်မှာ ဩဇာဖြစ်အောင်တော့ ဆောင်ရွက်နိုင်သားပဲ" လို့ ပြောလိုက်တဲ့ စကားအပေါ် အမျိုးသမီးက ချက်ချင်းပဲ မေးခွန်းထုတ်လိုက်ပါတယ်။ "ပြည်သူနဲ့ တလရ (တော်လှန်ရေး) တပ်တွေကို ပြောသမျှနားထောင် စေခိုင်းရာလိုက်နာပေးနိုင်တဲ့ ဩဇာလား" ဆိုပြီး မေးလိုက်တာပါ။ တကယ်တော့ ပြည်သူတွေရော၊ တော်လှန်ရေး အင်အားစုတွေကပါ အဘတို့ရဲ့ အမိန့်ကို ဖီဆန်နေကြတာ တစ်ကမ္ဘာလုံး အသိဖြစ်လို့ ဒီမေးခွန်းက အဘတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။


အဘတို့ရဲ့ စစ်တပ်ကြီး တည်ဆောက်နေတဲ့ "ဩဇာ" ဆိုတာ အုပ်ချုပ်ရေး အာဏာကို ပြောတာ မဟုတ်ပါဘူး။ "ထိတွေ့မှု ဖြစ်ပွားတိုင်း အသေအဆုံး များပြီး မြေဩဇာ ဖြစ်ကုန်ကြတာ" ကို ဆိုလိုတာ ဖြစ်ပါတယ်။ရှေ့တန်းထွက်သမျှစစ်ကြောင်းတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အသေအလဲရှုံးနိမ့်ပြီး အောက်ခြေစစ်သားတွေခမျာ တောတောင်တွေထဲမှာ သစ်ပင်တွေအတွက် "မြေဩဇာ" အဖြစ်နဲ့သာ ဘဝဇာတ်သိမ်းနေကြရတာ လက်တွေ့ မြေပြင်က ခါးသီးလှတဲ့ အမှန်တရား ဖြစ်ပါတယ်။ဩဇာတော့ ဩဇာဘဲ ဘာဩဇာလဲဆိုတော့ မြေဩဇာလေ ဆိုတာမျိုး။


တိုင်းပြည်ကို အုပ်ချုပ်ဖို့ "ဩဇာ" အာဏာ လိုချင်လွန်းလို့ မတရား အာဏာလုခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်စစ်သားတွေကိုယ်သေတွင်းပို့ပြီး တောထဲတောင်ထဲမှာ "မြေဩဇာ" ဖြစ်အောင်သာ အောင်မြင်စွာဆောင်ရွက်ပေးနိုင်တဲ့ အာဏာရူးတပ်ပျက်ကြီးရဲ့ဇာတ်သိမ်းကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page