top of page
Logo-Icon.png

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်နှင့် ဒုတပ်ကြပ်များ အပါအဝင် (၅) ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မင်းတုန်း ၊ ဩဂုတ် ၃၀ ၊ Horizons



မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်း၌ပြီးခဲ့သည့်ဩဂုတ်လ (၂၉ ရက်) ည (၇) နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သရက်ခရိုင် အမှတ် (၄) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှအကျအဆုံးများနှင့်အတူ စစ်လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကာစစ်ကြောင်းမှထွက်ပြေးလာကြသူ (၅) ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့ (ဩဂုတ်လ ၃၀ ရက်) တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။



အဆိုပါ ဖြစ်စဉ်မှာမင်းတုန်းမြို့၏ အနောက်ဘက်ဒေသများဆီသို့ အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ အင်အား (၅၀) ခန့်ပါဝင်သောအဖွဲ့တစ်ဖွဲ့သည် ရိက္ခာရှာဖွေရန်အတွက် သီးသန့် ထွက်လာစဉ် သရက်ခရိုင် အမှတ် (၄) တပ်ရင်းကကြိုတင် စောင့်ဆိုင်းကာကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲမှာ (၁၀) မိနစ်ခန့်သာကြာမြင့်ခဲ့ကြောင်းသိရသည်။


တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အကျအနာခံကာဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြရာ၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က နယ်မြေ ရှင်းလင်းစဉ် (MA 3) သေနတ် (၁) လက်၊ (၅.၅၆ မမ) ကျည်ဆံ (၉၁) တောင့်၊ ကျည်ဘောက် (၄) ခု၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၁) လုံးနှင့် စစ်ကောင်စီ တပ်သားအချို့၏ ရုပ်အလောင်းများကိုသိမ်းဆည်းရမိခဲ့ကြောင်း PDF တပ်ရင်းကဆိုသည်။


ယင်းကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်းမှာပင် ဩဂုတ်လ (၂၉ ရက်) ရက်နေ့၌ မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေကြသည့် စစ်ကောင်စီတပ်ဖွဲ့များထံမှအကြောင်း အမျိုးမျိုးပြကာထွက်ပြေးလာခဲ့ကြသူများဖြစ်သည့် တပ်ကြပ် (၁) ဦး၊ ဒုတပ်ကြပ် (၂) ဦးနှင့် (ပစ) (၂) ဦး စုစုပေါင်း (၅) ဦးတို့ကို အကောင်းအတိုင်း ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် လုံခြုံစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယင်းအခြေအနေများနှင့် စပ်လျဉ်း၍ သရက်ခရိုင် အမှတ် (၄) တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က Horizons သို့ ပြောကြားရာတွင် “ပစ (၂) ယောက်ကတော့ (၂၅ - ၃၀) ဝန်းကျင်ခန့်ပါ။ သူတို့ အင်အားကတော့ မင်းတုန်းဘက်ကို ပို့ထားတာမှာ လက်ရှိ (၈) လပိုင်း ဒုတိယအပတ်အလယ်လောက်က စပို့တာမှာ အင်အား (၁၅၀၀ - ၂၀၀၀) ဝန်းကျင် ရှိပါတယ်။ ဒါကမင်းတုန်းနယ်ထဲကို ရောက်နေတာပါ။ အဲ့ရှေ့မှာလည်း (၄) လပိုင်း၊ (၅) လပိုင်းကတည်းကတစ်ကြိမ် အင်အား (၁၀၀၀) ခန့် ပို့ပြီး စစ်ကြောင်းထိုးနေတာတွေ ရှိပါတယ်။ အဲ့ချိန်မှာ ရှေ့တိုးမရလို့ ထပ်ပြီး အင်အားတွေ ဖြည့်တဲ့ သဘောပါ။ ထွက်ပြေးလာတဲ့ သူတွေပြောပြချက်တွေထဲမှာလည်း တချို့ဟာတွေကျတော့သူတို့လည်း သတင်းအမှောင်ချခံထားရတာမျိုးတွေ ရှိပါတယ်၊ သွားဆို သွား၊ နေဆို နေ ဆိုတာမျိုးတွေပေါ့လေ” ဟု အသေးစိတ်ရှင်းပြပြောဆိုခဲ့သည်။


လက်ရှိအချိန်တွင် မင်းတုန်းမြို့နယ် အတွင်း၌စစ်ကောင်စီတပ်ဘက်က နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းများကိုအပြအပြင်ဖြန့်ခွဲကာ ထိုးစစ်ဆင်မှုများကိုအတင်းအကျပ် လုပ်ဆောင်နေသော်လည်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများသာမက တပ်ဖွဲ့ဝင်များအချင်းချင်း စစ်ကြောင်းများမှစွန့်ခွာထွက်ပြေးလာမှုများပါတသီတတန်းကြီး ဖြစ်ပေါ်နေခြင်းကြောင့် စစ်ကောင်စီတပ်မှာပြင်းထန်သော စစ်ရေးဖိအားများနှင့်ရင်ဆိုင်နေကြရကြောင်း ဒေသတွင်း စစ်ရေး အခြေအနေများအရသိရှိရသည်။


(Photo - သရက်ခရိုင် ၊ အမှတ် - ၄ တပ်ရင်း)

Comments


bottom of page