မန္တလေး၊ ချမ်းမြသာစည်နှင့် အမရပူရမြို့နယ်တို့တွင် စစ်မှုထမ်းရန် တစ်အိမ်တစ်ယောက်နှုန်းဖြင့် ရပ်ကွက်အလိုက် မဲနှိုက်ခိုင်းလျက်ရှိ
- Horizons News

- 1 day ago
- 1 min read
မန္တလေး ၊ ဩဂုတ် ၃၀ ၊ Horizons

မြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင်ပြည်သူ့စစ်မှုထမ်းရန်အတွက် ရပ်ကွက်အလိုက် တစ်အိမ်လျှင်လူတစ်ဦးစီမဖြစ်မနေလာရောက်ကြရန် ခေါ်ယူကာမဲနှိုက်ခိုင်းနေသည့် လုပ်ငန်းစဉ်များဆက်တိုက်ပြုလုပ်လျက်ရှိကြောင်းဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာပြီးခဲ့သည့် ဩဂုတ်လ (၂၉ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်ကချမ်းမြသာစည်မြို့နယ်၊ (၁၁၀) လမ်းနှင့် (၆၆) လမ်းထောင့်ရှိရွှေဘုန်းရောင်ဘုရားသို့တစ်အိမ်လျှင်လူတစ်ဦးနှုန်းဖြင့် လာရောက်ကြရန်ပျူစောထီးများက ကားများဖြင့်လှည့်လည်ကြေညာခေါ်ယူခဲ့ပြီးနောက် စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောပြသည်။
ယင်းကဲ့သို့ မန္တလေးမြို့တွင်းစစ်မှုထမ်းဆင့်ခေါ်မှုအခြေအနေများနှင့်ပတ်သက်၍ မြို့တွင်းသို့ လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးက Horizons သို့ပြောကြားရာတွင် “များသောအားဖြင့် ညဘက်တွေမှာ ပေါတာဆွဲတာများတယ်။ ညဘက်လမ်းမှာ သွားလာနေသူတွေ၊ အရက်သောက်နေသူတွေဆိုရင် အကြောင်းပြချက်မရှိပေါတာဆွဲသွားတယ်။ ရပ်ကွက်တွေထဲမှာဆိုရင်မဲနှိုက်ပြီးဆွဲတာပေါ့။ မန္တလေး နယ်ခံမဟုတ်ဘဲဧည့်သည်ဆိုရင် စစ်မှုထမ်းမဲနှိုက်တဲ့ထဲ မပါဘူးလို့သိရပါတယ်” ဟု ရှင်းပြခဲ့သည်။
အလားတူပင် အမရပူရမြို့နယ်အတွင်းရှိ ဒန်တပင်နှင့်တိုးချဲ့မှန်တန်း ဒေသများတွင်လည်း စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ်မှုများကိုပြုလုပ်ခဲ့ကြကြောင်းသိရသည်။ ထို့အပြင်မှန်တန်း၊ ဆည်တဲ၊ဝါးတန်းနှင့် မြေပဲတန်း စသည့်ကျေးရွာနှင့် ရပ်ကွက်များတွင်လည်း လက်ရှိဩဂုတ်လကုန်ပိုင်း ကာလအတွင်းစစ်မှုထမ်းရန်မဲနှိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားရန်ရှိနေကြောင်း ဒေသခံများထံမှသိရှိရသည်။
ဒေသခံများ၏ အဆိုအရသက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများသည် ရပ်ကွက်အတွင်းရှိ လူဦးရေစာရင်းများကို အခြေခံကာတစ်အိမ်လျှင်လူတစ်ဦးစီမဖြစ်မနေ လာရောက်စေပြီး မဲနှိုက်ခိုင်းနေခြင်းဖြစ်ကာ၊ မဲပေါက်သူများကိုမူစစ်မှုထမ်းရန်အတွက် တရားဝင် ဆက်လက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်း ဥပဒေကို တရားဝင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့ပြီးနောက်ပိုင်းမြို့နယ်နှင့် ရပ်ကွက်အဆင့်စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သတင်းများဆက်တိုက် ထွက်ပေါ်လျက်ရှိနေပြီး အထူးသဖြင့်လူငယ်များနှင့် မိသားစုဝင်များအနေဖြင့် စစ်မှုထမ်းရန်ဆင့်ခေါ်ခံရမည့် အရေးနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်မှုများမြင့်တက်လျက်ရှိနေဆဲဖြစ်သည်။
(Photo - Social Media)



Comments