“မန်ယူပရိသတ်”
- Horizons News

- 3 days ago
- 1 min read

နေပြည်တော်က လေအေးပေးစက်တွေ ဘယ်လောက်ကောင်းကောင်း၊ တပည့်ကျော်ရဲ့ နဖူးက ချွေးတွေကတော့ မိုးရွာသလို သွန်ချနေတာပဲ။လက်ထဲကဖိုင်တွဲထဲမှာ အလံဖြူထောင်တဲ့ သတင်းတွေ၊ တပ်စခန်းတွေတစ်ခုပြီးတစ်ခုပြုတ်တဲ့ သတင်းတွေချည်းအပြည့်။
ရှေ့ကသားရေကုလားထိုင်ကြီးပေါ်မှာကတော့ ကမ္ဘာ့အကောင်းဆုံးစိတ်ကူးယဉ်ကမ္ဘာထဲ ရောက်နေတဲ့ အဘ။
"ကဲ... ပြောစမ်း၊ ဒီနေ့ သတင်းထူး ဘာရှိလဲ"
တပည့်ကျော်လည်း တံတွေးမြိုချရင်း မြေပြင်ကစစ်ဆင်ရေးအခြေအနေတွေကိုတွေးပြီး ပါးစပ်က အလိုလိုယောင်ထွက်သွားတယ်။
"ရှုံးပွဲတွေ ဆက်လာပြန်ပြီ အဘရာ... "
"ဘာကွ! ဘယ်ကောင် ရှုံးတာလဲ"
အဘရဲ့မျက်လုံးပြူးကြီးနဲ့ ဟိန်းဟောက်သံကြောင့် တပည့်ကျော်ခြေဖျားလက်ဖျားတွေ အေးစက်သွားတယ်။ခေါင်းပြုတ်ပြီဆိုတဲ့ အသိနဲ့ ဉာဏ်ကို အမြန်လွှာသုံးရတော့တာပေါ့။မြေပြင်သတင်းအမှန်တွေပြောပြလို့ကတော့ ပုန်ကန်မှုနဲ့ သူ့ခေါင်းအရင်ပွင့်သွားမှာ သေချာတယ်။
"ဟို... ဟိုလေ... မန်ယူကို ပြောတာပါ အဘ။တော်တော်ကို ညံ့လွန်းလို့ပါ။ခံစစ်ကလည်း စုတ်ပြတ်သတ်၊တိုက်စစ်ကလည်း လမ်းပျောက်၊နည်းပြကလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ အိမ်ကွင်းပဲဖြစ်ဖြစ်၊အဝေးကွင်းပဲဖြစ်ဖြစ် သွားလေရာအကုန်ရှုံး၊ အကုန်အဆော်ခံနေရလို့ပါ အဘ..."
အဘက သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်တယ်။
"အေးကွ... မန်ယူကတော့ တော်တော်လေးစုတ်ပြတ်နေပြီ။နည်းပြ ညံ့ရင် အဲဒီလိုပဲကွ သဘောပေါက်လား။မလုပ်တတ်ရင်လည်း အသာတကြည်ဖယ်ပေးလိုက်ဖို့ ကောင်းနေပြီ။ ထားပါတော့... ကဲ၊ ငါတို့စစ်ဆင်ရေးတွေရော ဘယ်လိုနေလဲ၊အကုန် အောင်ပွဲခံနေတယ် မဟုတ်လား"
တပည့်ကျော်လည်း စိတ်ထဲကနေ 'မန်ယူနဲ့ ဘာများကွာလို့လဲ' လို့ ကြိတ်တွေးရင်း ပါးစပ်ကတော့ အချိုသာဆုံး လေလုံးလေးနဲ့...
"ဟုတ်ကဲ့... အဘရဲ့လမ်းညွှန်မှုကြောင့် ရှေ့တန်းမှာ နေ့တိုင်း(စခန်းစွန့်ခွာ)အောင်ပွဲခံနေပါတယ် ခင်ဗျာ" လို့ပဲ လိမ်ပြောပြီး အသက်လုလစ်ထွက်လာခဲ့ရတော့တယ်။
တကယ်တော့... တိုင်းပြည်ပြာကျနေတာကို လုံးဝလက်မခံချင်တဲ့ အာဏာရူးတွေရဲ့ရှေ့မှာ ခေါင်းမပြုတ်ချင်ရင် အရာရာကို မန်ယူအသင်းအပေါ် ပုံချလိုက်တာ အလုံခြုံဆုံးနဲ့အသက်အရှည်ဆုံး နည်းလမ်းပါပဲဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ



Comments