“မရှိ” “မဖြစ်"

နေပြည်တော်က အာဏာရူးအဘတွေဟာ ပြည်တွင်းမှာသာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ရဲပေမဲ့ နိုင်ငံတကာ မီဒီယာတွေရှေ့ ရောက်ရင်တော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင်ကြီးတွေလိုလို၊ သူတို့မရှိရင်ပဲ တိုင်းပြည်ကြီး ပျက်စီးသွားတော့မယောင်ယောင် အရှက်မရှိ လေလုံးထွားလေ့ရှိပါတယ်။
ကာတွန်းထဲမှာ တွေ့ရတဲ့အတိုင်း TIME မီဒီယာရဲ့ ကင်မရာရှေ့မှာ ထိုင်နေတဲ့ အဘတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူလိုလို၊ ခေါင်းဆောင်လိုလို ပုဂ္ဂိုလ်က "စစ်တပ်က နိုင်ငံအတွက် မရှိမဖြစ် အစိတ်အပိုင်း တခုပါ" လို့ မျက်နှာပြောင်တိုက်ပြီး ဝါဒဖြန့်နေပါတယ်။ သူတို့စစ်တပ်ဟာ တိုင်းပြည်အတွက် မရှိမဖြစ် အရေးပါလှပါတယ်လို့ နိုင်ငံတကာကို လိမ်ညာနေတာပါ။
ဒါပေမဲ့ တကယ့် မြေပြင်က ပြည်သူတွေရဲ့ ဘဝကတော့ အဘတို့ရဲ့ အဲဒီ "မရှိမဖြစ်" ဆိုတဲ့ စစ်တပ်ကြောင့်ပဲ နေ့စဉ်နဲ့အမျှ "ဒုက္ခတွင်း" ကြီးထဲမှာ နစ်မြုပ်နေရတာပါ။ ဒါကြောင့်လည်း ဒုက္ခတွင်းထဲ ရောက်နေတဲ့ ပြည်သူက အဘတို့ရဲ့ လေလုံးကို အထိမိဆုံးနဲ့ အမှန်ကန်ဆုံး ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုလိုက်ပါတယ်။
"မရှိမဖြစ်ဆိုတာ ဒီစစ်တပ် မရှိတော့မှ အဓမ္မတရားတွေ မဖြစ်တော့မှာပါ" တဲ့လေ။
ဒါဟာ မြန်မာစာရဲ့ "မရှိမဖြစ်" ဆိုတဲ့ ဝေါဟာရကို ယူပြီး တကယ့် လက်တွေ့ အခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်အောင် စာသားကစားပြီး တန်ပြန်ထိုးနှက်လိုက်တဲ့ အကောင်းဆုံး ပြက်လုံးတစ်ခုပါပဲ။ ပြည်သူတွေအတွက်တော့ စစ်တပ်ရှိနေသရွေ့ အဓမ္မတရားတွေ၊ လူသတ်ပွဲတွေ၊ မီးရှို့ပွဲတွေနဲ့ မတရားမှုတွေက နေ့စဉ် ဆက်ဖြစ်နေဦးမှာပါ။ဒါကြောင့် တိုင်းပြည်တကယ်ငြိမ်းချမ်းဖို့နဲ့ ဒုက္ခတွင်းကလွတ်ဖို့ဆိုတာ ဒီစစ်အာဏာရှင်စနစ် လုံးဝ "မရှိ" တော့မှသာ ဒီလို အဓမ္မတရားတွေ "မဖြစ်" တော့မှာဖြစ်ပါတယ်။
နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးစားနေတဲ့ အာဏာရူး တပ်ပျက်ကြီးရဲ့ လိမ်ဆင်တွေနဲ့၊ စစ်အုပ်စု အမြစ်ပြတ်မှသာ တိုင်းပြည်အေးချမ်းမယ်ဆိုတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ခိုင်မာတဲ့ ခံယူချက်ကို သရုပ်ဖော်ထားတဲ့ ကာတွန်းလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments