"မသမာ အာဏာပြ သွေးစွန်းစာ"

နေပြည်တော်က အာဏာရူးအဘတွေဟာ တိုင်းပြည်ကို စောက်တလွဲ အုပ်ချုပ်ပြီး စီးပွားရေးတွေ ပျက်ကပ်ဆိုက်အောင် လုပ်ထားရုံတင်မကဘဲ သူတို့ကြောင့် တိုင်းတစ်ပါးမှာ မျက်နှာငယ်စွာ ရုန်းကန်နေရတဲ့ မြန်မာလုပ်သားတွေရဲ့ချွေးနှဲစာကိုပါ ဗြောင်ကျကျလုယက်စားသောက်ဖို့ ကြိုးစားနေကြပြန်ပါပြီ။
ကာတွန်းထဲမှာ "ဇွတ်အစိုးရ လုပ်နေတဲ့ စစ်အုပ်စုက မကောင်းတော့ မြန်မာလုပ်သားတွေခမျာ ပြည်ပမှာ အခက်အခဲခံပြီး သမ္မာအာဇီဝနဲ့ ချွေးနှဲစာရရေး ရှာနေရတာ" လို့ အစချီထားပါတယ်။ ဟုတ်ပါတယ်... ပြည်သူက လုံးဝလက်မခံဘဲ သေနတ်အားကိုးနဲ့ အတင်းအဓမ္မ "ဇွတ်အစိုးရ" လုပ်နေတဲ့စစ်အုပ်စုကြောင့် ပြည်တွင်းမှာ အလုပ်အကိုင်တွေ ရှားပါး၊ လုံခြုံမှုတွေ ပျောက်ဆုံးကုန်တာ အားလုံးအသိပါ။ဒါကြောင့်လည်း လူငယ်တွေနဲ့အလုပ်သမားတွေဟာ မိသားစုထမင်းဝိုင်းလေးလှပဖို့အတွက် နိုင်ငံရပ်ခြားမှာ ဒုက္ခမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံကို အံကြိတ်ခံပြီး သန့်ရှင်းစင်ကြယ်တဲ့ "သမ္မာအာဇီဝ" အလုပ်တွေနဲ့ ချွေးနှဲစာလေးရဖို့ ပင်ပင်ပန်းပန်း ရှာဖွေနေကြရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အရှက်မရှိတဲ့ အဘတို့ရဲ့လုပ်ရပ်ကိုတော့ ကာတွန်းရဲ့ ဒုတိယပိုင်းမှာ မြင်တွေ့ရမှာပါ။ "ဒါကိုမှ စစ်အုပ်စုက သူတို့ပဲ ကောင်းစားဖို့ မြန်မာလုပ်သားတွေရဲ့ ပြည်ပဝင်ငွေတွေကို အမျိုးသားအကျိုးစီးပွားအတွက် ရာခိုင်နှုန်း လွှဲပေးရမယ်လို့ အလွယ်တကူဆိုပြီး မသမာအာဏာပြနဲ့ သွေးစွန်းစာရရေး ရှာနေကြတာ" တဲ့လေ။
ပြည်ပရောက် လုပ်သားတွေက ကိုယ့်ခွန်ကိုယ်အားနဲ့ ရိုးရိုးသားသား ရှာဖွေနေတာက "သမ္မာအာဇီဝနဲ့ ချွေးနှဲစာ" ပါ။ ဒါကို ဘာတစ်ခုမှကူညီစောင့်ရှောက်ပေးခြင်းမရှိတဲ့ အာဏာရူးစစ်အုပ်စုက "အမျိုးသားအကျိုးစီးပွား" ဆိုတဲ့ စကားလုံးအလှကြီးကို ခုတုံးလုပ်ပြီး ရာခိုင်နှုန်းအလိုက် မဖြစ်မနေလွှဲပေးရမယ်ဆိုကာ ဓားပြတိုက်နေတာကတော့ သူတို့ တစ်သိုက်တည်းကောင်းစားဖို့နဲ့ ပြည်သူကို ပြန်သတ်မယ့် ကျည်ဆန်ဖိုးရှာဖို့ လုပ်နေတဲ့ "မသမာအာဏာပြနဲ့ သွေးစွန်းစာ" ပဲ ဖြစ်ပါတယ်။
ကိုယ့်ကြောင့် တိုင်းပြည်ပျက်လို့ နိုင်ငံခြားထွက်ပြီး ကျွန်ခံနေရတဲ့ပြည်သူတွေရဲ့ "ချွေးနှဲစာ" ကိုတောင် အလွတ်မပေးဘဲ အာဏာပြခြိမ်းခြောက်ပြီး သူတို့ရဲ့ "သွေးစွန်းစာ" အဖြစ် ပြောင်းလဲလုယက်နေတဲ့ အာဏာရူးတပ်ပျက်ကြီးရဲ့ အောက်တန်းကျလှတဲ့သရုပ်မှန်ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်ခင်ဗျာ။
ကာတွန်း - လင်းလွန်း
ရေးသားသူ - သူပုန်ပါပီ




Comments