top of page
Logo-Icon.png

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ရာ၌ နိုင်ငံတကာ တားမြစ်ထားသည့် ကလပ်စတာဗုံး (Cluster Bomb) အမျိုးအစားကို အသုံးပြုခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ပြောကြား

ရွှေကူ ၊ ဩဂုတ် ၃၀ ၊ Horizons



ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးရှိကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်ကလေကြောင်းမှတစ်ဆင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင်လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေအရနိုင်ငံတကာကတားမြစ်ထားသော ကလပ်စတာဗုံး (Cluster Bomb) အမျိုးအစား လက်နက်ကိုအသုံးပြုခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကထုတ်ဖော်ပြောဆိုလိုက်သည်။



အဆိုပါ လေကြောင်း တိုက်ခိုက်မှုများဖြစ်ပွားအပြီးတွင် ကျန်ရစ်ခဲ့သောဗုံးသီးအပိုင်းအစများနှင့် အထောက်အထားများကိုစစ်ဆေးတွေ့ရှိချက်များအရ အသုံးပြုခဲ့သည့် ဗုံးမှာ အလျား (၇) ပေ (၇) လက်မခန့် ရှိပြီး၊ သံပြား အခုံးအရှည် (၃) ချပ်ဖြင့် လုံးရှည်ပုံစံ ပြုလုပ်ထားသော ဗုံးအမျိုးအစားဖြစ်ကြောင်း သိရှိရသည်။


ယင်း ကလပ်စတာဗုံး အမျိုးအစားသည် ဗုံးအတွင်းဘက်၌ ဗုံးသီးငယ်များစွာ ပါဝင်နေပြီး၊ လေယာဉ်ပေါ်မှ ဖြုတ်ချ လွှတ်တင်လိုက်သည့်အခါ လေထုထဲတွင် ဗုံးကိုယ်ထည် တစ်ခုလုံးကွဲထွက်သွားကာအတွင်းမှဗုံးသီးငယ်များမှာကျယ်ပြန့်လှသည့်ဧရိယာအကျယ်အဝန်းအတွင်းသို့ အနှံ့အပြား ပြန့်ကျဲကာပေါက်ကွဲစေရန် အထူး ဒီဇိုင်းပြုလုပ်ထားသည့်လူသတ်လက်နက် တစ်မျိုး ဖြစ်ကြောင်းသတင်းရင်းမြစ်များကရှင်းပြကြသည်။


ကလပ်စတာ လက်နက်များတွင် ပါဝင်သောဗုံးသီးငယ်များမှာကျယ်ပြန့်လှသည့်မြေပြင်ဧရိယာအတွင်း တစ်ပြိုင်နက်တည်း ပြင်းထန်သောထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ရုံသာမက၊ပေါက်ကွဲမှုမရှိဘဲ ကျန်ရစ်ခဲ့သည့် ဗုံးသီးငယ်အများအပြားမှာလည်း နောင်လာနောက်သား အရပ်သားပြည်သူများအတွက် အချိန်အတန်ကြာသည်အထိအသက်အန္တရာယ် ခြိမ်းခြောက်နေမည့် စစ်ကျန်လက်နက်အန္တရာယ် (Unexploded Ordnances) အဖြစ် ဆက်လက် တည်ရှိနေစေသည်။


အရပ်သား ပြည်သူ လူထုအပေါ် ရေရှည်တွင်ပါ ကြီးမားသည့် အန္တရာယ် ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်ခြင်းကြောင့် နိုင်ငံတကာ အသိုက်အဝန်းနှင့်နိုင်ငံအများအပြားက (Convention on Cluster Munitions - CCM) စာချုပ်အောက်တွင် ကလပ်စတာလက်နက်များကိုအသုံးပြုခြင်း၊ ထုတ်လုပ်ခြင်း၊သိုလှောင်ခြင်းနှင့် လွှဲပြောင်းခြင်းများကို တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားကြသည်။


သို့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သည် ပြည်သူလူထုကို ပစ်မှတ်ထားကာရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို နည်းမျိုးစုံဖြင့်ကျူးလွန်လျက်ရှိရာ၊ ယခုကဲ့သို့နိုင်ငံတကာကတားမြစ်ထားသည့် လူမဆန်သော လက်နက်များကိုပါ အသုံးပြုလာခြင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ရပ်ပင် ဖြစ်ကြောင်းဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။


လက်ရှိတွင် ရွှေကူမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများမှာ ယင်းကဲ့သို့ ကြောက်မက်ဖွယ်ရာ လေကြောင်း တိုက်ခိုက်မှုများကြောင့် အသက်အန္တရာယ်အတွက်အလွန်အမင်းစိုးရိမ်ထိတ်လန့်ကာတိမ်းရှောင်နေကြရဆဲ ဖြစ်သည်။


(Photo - Lung Jung LA N)


Comments


bottom of page