ရေး - ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ (၁၅) ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း (DNLA) ထုတ်ပြန်
- Horizons News

- 1 day ago
- 1 min read
တနင်္သာရီ ၊ ဩဂုတ် ၃၀ ၊ Horizons

တနင်္သာရီတိုင်းဒေသကြီး၊ ရေး - ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်တွင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့အကြား အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ (၁၅) ဦးခန့် သေဆုံးကာ စစ်လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ဩဂုတ်လ (၂၉ ရက်) ညပိုင်းတွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။
ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားရခြင်းမှာ ပြီးခဲ့သည့် ဩဂုတ်လ (၂၉ ရက်) နံနက် (၆) နာရီ ဝန်းကျင်အချိန်က အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသ၏ လုံခြုံရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။
ထိုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လမ်းခုလတ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြားဖြတ် တိုက်ခိုက်မှု ဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၁၅) ဦးဝန်းကျင် သေဆုံးခဲ့ပြီး၊ အများအပြားလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြကြောင်း DNLA က ၎င်းတို့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ထုတ်ဖော်ပြသထားသည်။
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဆီမှ အောင်မြင်စွာ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများမှာ MA 1 သေနတ် - (၆) လက်၊ MA 3 သေနတ် - (၂) လက်၊ ကျည်ဘောက် - (၁၁) ခု နှင့် ကျည်ဆံ - (၂၀၀) တောင့် တို့ ဖြစ်ကြကြောင်း DNLA က ဆိုသည်။
စစ်ကောင်စီ အနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသတွင် ရုရှားနိုင်ငံ အပါအဝင် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များကို လာရောက် ရင်းနှီးမြှုပ်နှံကြရန် မကြာခဏ ဆိုသလို ဖိတ်ခေါ် လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိနေချိန်တွင် ယခုကဲ့သို့ လုံခြုံရေး စစ်ကြောင်းများ ထိုးလာရင်း တိုက်ပွဲများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
အဆိုပါ ပူးပေါင်း တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း အပြင် ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ က္လားသစ္ဏတ် (ကျားသစ်နက် အဖွဲ့)၊ ဘီလူး ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေး အင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့ နှင့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) စသည့် မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးပေါင်း လက်တွဲ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ (က္လားသစ္ဏတ်) တာဝန်ရှိသူ တစ်ဦးက Horizons News သို့ ပြောကြားရာတွင် "ကြားဖြတ် တိုက်တာက အမှတ် (၈) ပြည်ထောင်စု လမ်းနဘေး၊ မောင်မယ်ရှောင်ရွာ အနီးမှာပါ။ မျက်မြင် (၈) ဦး သေဆုံးပါတယ်။ ထားဝယ်မြို့ဘက်ကိုပဲ စစ်တပ်ဘက်က သူတို့ တပ်ဖွဲ့ဝင် အသေအနာတွေကို သယ်ဆောင်ပြီး ဆုတ်သွားပါတယ်" ဟု အသေးစိတ် ရှင်းပြ ပြောဆိုခဲ့သည်။
(Photo - ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် - DNLA)



Comments