top of page
Logo-Icon.png

ရွာပြင်ထုတ်တဲ့ ခေတ်ကနေ ရွာမီးရှို့တဲ့ ခေတ်သို့


ရှေးလူကြီးတွေ ပြောခဲ့တဲ့ "မှန်ရာပြော ရွာပြင်ထုတ်" ဆိုတာက ဒီခေတ်ကြီးထဲမှာ သိပ်ကိုသနားစရာကောင်းတဲ့ ပြစ်ဒဏ်လေးဖြစ်သွားပြီဗျ။အရင်က မှန်ရာပြောလို့ ရွာပြင်ထုတ်ခံရရင်တောင် ကိုယ့်အထုပ်လေးဆွဲပြီး တဲလေးထိုးနေလို့ ရသေးတယ်။


အခု ခေတ်ပျက်ကြီးထဲက အဘတွေရဲ့စံနှုန်းက အဲဒီလောက်နဲ့ အားမရတော့ဘူး။ပြည်သူတွေက ပါးစပ်က ပြောရုံတင်မကဘဲ တကယ့်ကို "မှန်ရာကို လက်တွေ့လုပ်" ပြလိုက်တဲ့အခါကျတော့... ဟိုကောင်တွေက ရွာပြင်ထုတ်ဖို့တောင် အချိန်မပေးတော့ဘူး၊ ချက်ချင်းဆိုသလို လေယာဉ်နဲ့လာကြဲ၊ မြေပြင်ကနေ ဝင်မွှေပြီး တစ်ရွာလုံးကို မီးတိုက်ပစ်လိုက်တော့တာပဲလေ။


စဉ်းစားကြည့်... အမှန်တရားအတွက် ပေးဆပ်ရတဲ့ပြစ်ဒဏ်က အတော်လေးကိုအဆင့်မြင့်သွားတာ။ကိုယ်က မှန်ရာလုပ်လိုက်မိတာနဲ့ ကိုယ်တင် ရွာပြင်ထွက်ရတာ မဟုတ်ဘူး၊ တစ်ရွာလုံးက အိမ်တွေ၊ နွားတွေ၊ စပါးကျီတွေပါ ပြာပုံဘဝ ရောက်သွားရတဲ့ စောက်ရမ်းကို တရားမျှတတဲ့ ခေတ်ကြီးဗျ။


ဒီတော့ကာ... ဒီခေတ်ကြီးထဲ မှန်ရာလုပ်ဖို့ စိတ်ကူးရှိရင် ကိုယ့်အထုပ်ကိုယ် ပြင်ရုံနဲ့ မရတော့ဘူး။ တစ်ရွာလုံးကိုပါ ပြေးဖို့လွှားဖို့ အထုပ်အပိုးတွေပြင်၊ ဖိနပ်ကြိုးတွေ ကြိုချည်ခိုင်းထားမှရတော့မယ့် အခြေအနေပါပဲဗျာ။


ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page