top of page
Logo-Icon.png

လေက အာကာသမှာ၊ လက်တွေ့က အနိမ့်ဆုံးမှာ


"အာကာသထဲကို လူလွှတ်မယ်... မြစ်ဆုံဆည်ကြီး ဆောက်မယ်..."


အဘတို့ရဲ့ လေလုံးကြီးတွေကတော့ ကြားရတာ နားတောင် အူသွားတယ်။တကယ့်ကို ကမ္ဘာ့အဆင့်မီ စိတ်ကူးယဉ် အိပ်မက်ကြီးတွေပါ။ဒါပေမဲ့ မြေပြင်ကအမှန်တရားနဲ့ ပြန်တိုက်ကြည့်လိုက်တဲ့ အခါကျတော့ အတော်လေးကို ဟားတိုက်စရာကောင်းနေပါတယ်။ အာကာသထဲသွားဖို့ ဒုံးပျံနည်းပညာ နေနေသာသာ၊ အခု လက်ရှိ လမ်းမပေါ် ပြေးဆွဲနေတဲ့ လိုင်းကားတွေတောင် သံချေးတက်၊ မီးခိုးတအူအူနဲ့ အချိန်မရွေး လမ်းလယ်ခေါင်မှာ အင်ဂျင်ကွဲထွက်သွားနိုင်တဲ့ "အစုတ်အပြတ်" တွေချည်းပါပဲ။ အဲဒီလို လိုင်းကားစုတ်တွေတောင် အနိုင်နိုင် ပြေးဆွဲနေရတဲ့ နိုင်ငံကနေ အာကာသယာဉ်လွှတ်ရင်... လမ်းခုလတ်မှာ ဆီပြတ်လို့ ဂြိုဟ်တုတွေကြားမှာ ဆင်းတွန်းရမယ့် ကိန်းပါပဲ။


ဧရာဝတီမြစ်ကြီးကို ပိတ်ပြီး ဆည်ကြီးဆောက်ဖို့ နေနေသာသာ၊ ဟိုတလောက ငဝန်မြစ်ရေကြီးလို့ တာကျိုးသွားတာလေးကိုတောင် အချိန်မီလုံအောင်မပိတ်နိုင်လို့ ပြည်သူတွေ ဒုက္ခလှိုင်းလုံးထဲ မျောခဲ့ရတာလေ။ရေမြောင်းပေါက်တာတောင် နိုင်အောင် မဖာနိုင်တဲ့အစွမ်းအစနဲ့များ... ဧရာမ မြစ်ဆုံဆည်ကြီးတည်ဆောက်မယ်ဆိုတာ တကယ့်ကို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပါပဲ။


အတိုချုပ် ပြောရရင်တော့... ကိုယ့်အိမ်သာကျင်း ကိုယ်တောင် လုံအောင် မဖာတတ်ဘဲ အထပ်မြင့်တိုက်ကြီး သွားဆောက်ဖို့ ကြွားနေသလိုပါပဲ။


ဒီတော့ အဘတို့ရေ... အာကာသထဲသွားဖို့ ယာဉ်မှူးတွေ ရွေးမနေပါနဲ့တော့။ အခုလောလောဆယ် လမ်းပေါ်မှာ ဆီပြတ်၊ စက်ပျက်ပြီးထိုးရပ်နေတဲ့ လိုင်းကားစုတ်တွေပေါ်က ခရီးသည်တွေကိုပဲ လမ်းလျှောက်မပြန်ရအောင် အရင် ကယ်ပြလိုက်ပါဦးဗျို့။



ကာတွန်း - လင်းလွန်း

ရေးသားသူ - သူပုန်ပါပီ


#ကာတွန်း #သရော်စာ #Horizons

Comments


bottom of page