top of page
Logo-Icon.png

လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း ဒေသအချို့တွင် မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်ဟု ဒေါက်တာစိုင်းခွန်အာကာ ခန့်မှန်း

ဇွန် ၂၄ ၊ Horizons



မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်နှင့် ဒေသအချို့တွင် လာမည့် ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးရွာသွန်းပြီး လေတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ပရော်ဖက်ရှင်နယ် မိုးလေဝသသုတေသီနှင့် လေထုသိပ္ပံပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ယနေ့ ဇွန်လ ၂၄ ရက် နံနက် ၁၁ နာရီတွင် ခန့်မှန်းထုတ်ပြန်လိုက်သည်။


မိုးရွာသွန်းပြီး လေတိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်သည့် ဒေသများမှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ လိုင်ဇာ၊ ဒေါ့ဖုန်းယန်၊ ဗန်းမော်၊ လဂျားယန်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ အလောင်းတော် ကဿပဒေသ၊ စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ မုံရွာ၊ မကွေးတိုင်းအထက်ပိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ချင်းပြည်နယ်ရှိ ဟားခါး၊ တီးတိန်၊ တွန်းဇံနှင့် မန္တလေးတိုင်းရှိ တောင်သာမြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖော်ပြပါဒေသများအပြင် ကျန်ရှိသည့် အခြားသော တိုင်းနှင့် ပြည်နယ်များတွင်မူ ယခင်က ကြေညာထားသည့် မိုးလေဝသ ရာသီဥတုအခြေအနေများအတိုင်းသာ ပြောင်းလဲမှုမရှိဘဲ ဆက်လက်ရှိနေမည်ဖြစ်ကာ မိုးပါးမည့်ဒေသများတွင် မိုးနည်းနေဦးမည်ဖြစ်ပြီး မိုးဆက်ရွာမည့်ဒေသများတွင်လည်း မိုးဆက်လက် ရွာသွန်းနေမည်ဖြစ်သည်။ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွက် သီးခြားမိုးလေဝသခန့်မှန်းချက်များကိုမူ ယနေ့ မွန်းလွဲပိုင်းတွင် ထပ်မံထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။


မိုးလေဝသ အခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် ပြည်သူများအနေဖြင့် ထူးခြားသည့် မိုးလေဝသဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်အထိ အခြေအနေများကို အနီးကပ် စောင့်ကြည့်စစ်ဆေးကာ နေ့စဉ် ဝင်ရောက်ဖတ်ရှုကြရန် တိုက်တွန်းထားသည်။ 


ထို့ပြင် ယခုကဲ့သို့ တိကျသေချာသည့် ခန့်မှန်းချက်များကို စဉ်ဆက်မပြတ် ဆက်လက်တင်ပြပေးနိုင်ရေးအတွက် လစဉ် မိုးလေဝသအချက်အလက် (Data) များကို ဝယ်ယူအသုံးပြုနေရသဖြင့် အကျိုးအမြတ်မယူဘဲ ကူညီပံ့ပိုးလိုသူများရှိပါက ဆက်သွယ်ပံ့ပိုးနိုင်ကြောင်းလည်း ဒေါက်တာစိုင်းခွန်အာကာက အသိပေး နှိုးဆော်ထားသည်။


Comments


bottom of page