လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ အနိမ့်ပျံသန်းမှု ခပ်စိပ်စိပ် ပြုလုပ်လာခြင်းကြောင့် ဒေသခံပြည်သူများ အလွန်အမင်း စိုးရိမ်ပူပန်နေကြရ
- Horizons News

- 1 day ago
- 1 min read
လားရှိုး ၊ ဩဂုတ် ၃၀ ၊ Horizons

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်၏ ကင်းထောက် လေယာဉ်များက မြို့ပေါ်ဝေဟင်၌ အနိမ့်ပျံသန်းမှုများကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာနေကြခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ်အတွက် အထူးစိုးရိမ်ထိတ်လန့်နေကြရကြောင်းသိရသည်။
ဒေသခံများ၏ ပြောပြချက်အရ ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ် အချိန်မှစတင်ကာ စစ်ကောင်စီဘက်က ကင်းထောက် လေယာဉ်များဖြင့် ပျံသန်းကင်းထောက်မှုများကို ယခင်ကထက် ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့ကြခြင်း ဖြစ်သည်။ အထူးသဖြင့် ဩဂုတ်လ (၂၈ ရက်) နှင့် (၂၉ ရက်) တို့တွင်လည်း ကင်းထောက် လေယာဉ် (၂) စီးသည် (၂) ရက်ဆက်တိုက်ဆိုသလို မြို့ပေါ်ဝေဟင်၌ အနိမ့်ပျံသန်းမှုများကု လုပ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
“ကင်းထောက် က ခဏခဏလာဝဲတယ် ဘာဖြစ်လို့လည်းတော့မသိဘူး၊ တိုက်ပွဲတွေပြန်ဖြစ်လာမလားပေါ့ ၊စောင့်ကြည့်ရမှာပဲ၊ ကွတ်ခိုင်ဘက်မှာလည်း ညညဆို Drone တွေ ဝဲတယ်” ဟု လားရှိုးမြို့ခံ တစ်ဦးက ပြောပြသည်။
တရုတ်အစိုးရ၏ ကြားဝင် ညှိနှိုင်းကူညီမှုများဖြင့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက လားရှိုးမြို့ကို ပြန်လည် ထိန်းချုပ်ခွင့် ရရှိခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီဘက်က မြို့ပေါ်ရပ်ကွက်များကိုသာ အဓိက ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပြီး မြို့ပတ်ဝန်းကျင် နေရာဒေသ အများစုကိုမူ MNDAA တပ်ဖွဲ့များက ဆက်လက် စိုးမိုး ထိန်းချုပ်ထားဆဲ ဖြစ်ကာ နှစ်ဘက် အကြားတွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြသော်လည်း ယခုအချိန်အထိ တိကျသော ပြေလည်မှု တစ်စုံတစ်ရာ ရရှိလာခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်က လားရှိုးမြို့ကို ပြန်လည် ထိန်းချုပ်ပြီးနောက်ပိုင်း ကာလများအတွင်း မြို့ပေါ်နေရာများဆီသို့ ရှော့တိုက်ဒုံးဖြင့် အကြောင်းအမျိုးမျိုးကြောင့် (၄) ကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခံခဲ့ရဖူးသည်။ အထူးသဖြင့် ဇူလိုင်လ (၉ ရက်) နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအတွင်း ရပ်ကွက် (၆) မှ အရပ်သား အမျိုးသမီး (၁) ဦး သေဆုံးခဲ့ရပြီး၊ ရပ်ကွက် (၁၀) မှ ဒေသခံ (၁) ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိသွားခဲ့သေးသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် လားရှိုးမြို့တွင်သာမက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အခြားသော မြို့နယ်များဖြစ်ကြသည့် သီပေါ၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နန့်ဖက်ကာနှင့် မူဆယ် မြို့နယ်များအတွင်းသို့ပါ ကင်းထောက် လေယာဉ်များနှင့် ဂျက်ဖိုက်တာများကို အသုံးပြုကာ ပျံသန်းမှုများကို တိုးမြှင့် လုပ်ဆောင်လျက် ရှိနေသည်။
နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရ အချင်းချင်းသာ တိုက်ရိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ မည်သည့် ကြားခံ အဖွဲ့အစည်းမှ မလိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ (၉ ရက်) နေ့က ပြုလုပ်ခဲ့သော အိန္ဒိယ - မြန်မာ - ထိုင်း (၃) နိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ထည့်သွင်း ပြောကြားခဲ့ဖူးသည်။
ယင်းကဲ့သို့ ပြောကြားခဲ့ပြီးနောက်ပိုင်းမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ် ဒေသအသီးသီးတွင် စစ်ကောင်စီ၏ ကင်းထောက် လေယာဉ်များနှင့် တိုက်လေယာဉ်များ ပျံသန်းမှု အခြေအနေများ သိသိသာသာ ပိုမို များပြားလာခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။
(Photo - လားရှိုးမြို့ပြန်လည်ထူထောင်ရေး )



Comments