"ဝ" အထူးဒေသ၊ ထိုင်း - မြန်မာ နယ်စပ်အနီးတွင် မက်သာဖက်တမင်း ဆေးပြား သုံးသန်းနီးပါး ကြားဖြတ် ဖမ်းဆီးရမိခဲ့သော်လည်း သယ်ဆောင်သူများမှာ လွတ်မြောက်သွား
- Horizons News

- 1 day ago
- 1 min read
ဟိုပန် ၊ ဩဂုတ် ၃၀ ၊ Horizons

ရှမ်းပြည်နယ်၊ "ဝ" အထူးဒေသ၊ ထိုင်း - မြန်မာ နယ်စပ်ဒေသအနီးတွင် က်သာဖက်တမင်း (သုံးသန်းနီးပါးကို မှောင်ခိုသယ်ဆောင်လာမည် ဖြစ်ကြောင်းကြိုတင်သတင်းရရှိထားမှုများအရ "ဝ" တပ်ဖွဲ့ (UWSA) လုံခြုံရေးတပ်ဖွဲ့ဝင်များကစောင့်ကြို ဖမ်းဆီးရမိခဲ့ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဩဂုတ်လ (၂၉ ရက်) တွင် တရားဝင်ထုတ်ပြန်ဖော်ပြခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများကို တရားမဝင်သယ်ဆောင်လာကြမည် ဖြစ်ကြောင်းလျှို့ဝှက်သတင်း ကြိုတင် ရရှိထားခဲ့သဖြင့် "ဝ" တပ်ဖွဲ့ (UWSA) ဘက်က ပြီးခဲ့သည့် ဩဂုတ်လ (၂၈ ရက်) ရက်နေ့တွင် (BP1) နယ်စပ်မျဉ်းရှိနယ်စပ်ဖြတ်ကျော် ဂိတ်များတွင်လုံခြုံရေးများကို အထူးတင်းကျပ် ချထားခဲ့ပြီး သံသယဖြစ်ဖွယ်ရာ မော်တော်ယာဉ်များနှင့် မှောင်ခို ဂိုဏ်းများ၏လှုပ်ရှားမှုများကို အပြင်းအထန် စုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ဦးညီရမ်း၏ လူမှုကွန်ရက်စာမျက်နှာပါဖော်ပြချက်များအရသိရသည်။
UWSA ၏ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် နယ်စပ်ယာယီကင်းစခန်းဖြစ်သော (BP1) ၏ အနောက်တောင်ဘက် (၇၇၉) မီတာ အကွာအဝေးသို့ရောက်ရှိလာကြသည့် သံသယရှိ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းကို စတင်တွေ့ရှိခဲ့ကြပြီး ချက်ချင်း ရပ်တန့်စစ်ဆေးရန်အမိန့်ပေး တားဆီးခဲ့ကြသည်။
သို့သော်လည်း မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာကြသူများသည် ဖမ်းဆီးခံရမည့်အရေးကြောင့် သယ်ဆောင်လာသောမက်သာဖက်တမင်း ဆေးပြား (၁၁) ထုပ်—စုစုပေါင်း ဆေးပြား သုံးသန်းနီးပါး—ကို ထိုနေရာတွင်ပင်စွန့်ပစ်ခဲ့ကြပြီး ညအချိန် မှောင်မိုက်မှုကိုအသုံးချကာထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း ဦးညီရမ်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက Horizons News သို့ရှင်းပြရာတွင် “ဝပြည်တောင်ပိုင်း ဖမ်းဆီးရမိ မူးယစ်/မှောင်ခိုဂိုဏ်းတွေကို သက်ဆိုင်ရာသို့ လွှဲပြောင်းပေးသွားပါမယ်။လွှဲပြောင်းပေးနေကျပါပဲ” ဟုပြောကြားခဲ့သည်။
ထို့အပြင် "ဝ" အထူးဒေသအတွင်း၌ မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ မစိုက်ပျိုးရ၊ အဆင့်တိုး မထုတ်လုပ်ရ၊ သယ်ယူပို့ဆောင်မှု မပြုလုပ်ရ၊ မူးယစ်ဆေးဝါး မသုံးစွဲရနှင့် ရောင်းဝယ်မှုမပြုလုပ်ရ စသည့် တင်းကျပ်သည့် ကန့်သတ်ချက် (၅) ရပ် ချမှတ်ထားရှိပြီး ဖမ်းဆီးရရှိမှု အခြေအနေများပေါ်မူတည်ကာ ကြီးလေးသော ပြစ်ဒဏ်များကိုပြတ်ပြတ်သားသား ချမှတ်လေ့ ရှိကြောင်းလည်း၎င်းက ထပ်လောင်းရှင်းပြခဲ့သည်။
(Photo - UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း / ပြီးခဲ့သည့် ဩဂုတ်လ (၂၈ ရက်) နေ့က ဖမ်းဆီးရမိခဲ့သော မက်သာဖက်တမင်း ဆေးပြားထုပ်များ)



Comments