top of page
Logo-Icon.png

သီပေါမြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား SSPP/SSA တရားရုံးက သေဒဏ် အမိန့်ချမှတ်ကာကွပ်မျက်လိုက်

သီပေါ ၊ ဩဂုတ် ၃၁ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း၌ အသက် (၁၄) နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှားစီရင်ခံခဲ့ရသည့် အသက် (၂၄) နှစ်အရွယ် စိုင်းစံ (ခ) စိုင်းဆာစံ ဆိုသူအား ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဗဟိုဌာနချုပ် အထက်တရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လ (၃၀ ရက်) ရက်နေ့တွင် အဆိုပါအမိန့်အတိုင်းသေဒဏ်ပေး ကွပ်မျက်ခဲ့ကြောင်းသိရသည်။



ဤပြစ်မှု ကျူးလွန်ခံခဲ့ရသူမှာ သီပေါမြို့နယ်၊ စံဖိတ် ကျေးရွာအုပ်စု၊ လွယ်ကျိုင်း ကျေးရွာတွင် နေထိုင်သူ အသက် (၁၄) နှစ်အရွယ် နန်းစံဟွမ် ဆိုသူ ဖြစ်ပြီး ပြစ်မှု ကျူးလွန်ခဲ့သူ စိုင်းဆာစံမှာမူ သေဆုံးသွားသူ မိန်းကလေး၏ အစ်ကိုဝမ်းကွဲ တော်စပ်သူ တစ်ဦးပင်ဖြစ်ကြောင်း SSPP/SSA ၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် ဇွန်လ (၁၄ ရက်) နေ့ လယ်ပိုင်း အချိန်ခန့်က တရားခံ စိုင်းဆာစံသည် နန်းစံဟွမ်ကို အလုပ်အကိုင် ရှာဖွေပေးမည်ဟု အယုံသွင်း ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ပြီးနောက်၊ သီပေါမြို့နယ်၊ ဘော်ကြို ကျေးရွာအုပ်စု၊ နမ့်ဟူးနွဲ့ ကျေးရွာအနီးရှိ ငှက်ပျောစိုက်ခင်း တည်နေရာတစ်ခုဆီသို့ ရောက်ရှိချိန်တွင် ယခုကဲ့သို့ အဓမ္မပြုကျင့်ကာအသက်အန္တရာယ်ပါဆုံးရှုံးသည်အထိ ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။


သေဆုံးသွားခဲ့သူ နန်းစံဟွမ်မှာ နေအိမ်မှ ထွက်သွားပြီးနောက် အချိန်ကြာမြင့်စွာပျောက်ဆုံးနေဆဲ ဖြစ်သဖြင့် မိဘဆွေမျိုးများက ဇွန်လ (၂၅ ရက်) ရက်နေ့တွင် SSPP/SSA တာဝန်ရှိသူများထံ သွားရောက် တိုင်ကြားခဲ့ကြပြီး အဖွဲ့အစည်း၏ တာဝန်ရှိ ရဲနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ချက်ချင်း လက်ငင်း အထူး စုံစမ်း စစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ကြသည်။


ထိုသို့ စုံစမ်း ဖော်ထုတ်နေစဉ်အတွင်းမှာပင် တိုင်ကြားသည့်ရက်နေ့၌ပင် တရားခံ စိုင်းဆာစံကို သံသယဖြင့်ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် SSPP/SSA ၏ ဗဟိုဌာနချုပ်အထက်တရားရုံးတွင် အမှုအား တရားဝင်လက်ခံစစ်ဆေးခဲ့ကြပြီး ကျူးလွန်ခဲ့သည့် ပြစ်မှု၏ ဆိုးရွားပြင်းထန်မှုအခြေအနေများအပေါ် အခြေခံကာ တရားရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


SSPP/SSA ၏ ထုတ်ပြန်ချက်အရ ချမှတ်ထားခဲ့သော သေဒဏ်စီရင်ချက်အမိန့်ကို ပြီးခဲ့သည့် ဩဂုတ်လ (၃၀ ရက်) နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်တွင် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ဗဟိုဌာနချုပ် နယ်မြေအတွင်း၌ တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


(Photo - SSPP Info)

Comments


bottom of page