သဘာဝဘေးအန္တရာယ်ကိုစစ်ရေးအခွင့်အလမ်းအဖြစ်အသုံးချနေသည့်အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာကတားဆီးရန်ဦးကျော်မိုးထွန်းတိုက်တွန်း
နယူးယောက် ၊ အောက်တိုဘာ ၁၅ ၊ Horizons

သဘာဝဘေးအန္တရာယ်များကိုစစ်ရေးအခွင့်အလမ်းအဖြစ်အသုံးချကာ ပြည်သူများထံလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိရေး ပိတ်ဆို့နေသည့်အကြမ်းဖက်စစ်ကောင်စီကိုနိုင်ငံတကာကတားဆီးရန် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းလိုက်သည်။
ဦးကျော်မိုးထွန်းသည် ယမန်နေ့အောက်တိုဘာ(၁၄)ရက်ကကုလသမဂ္ဂအထွေထွေညီလာခံ၏ဥပဒေရေးရာကော်မတီ(ဆဋ္ဌမကော်မတီ)တွင် ဘေးအန္တရာယ်ကျရောက်ချိန်လူပုဂ္ဂိုလ်များအားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်ရေးဆွဲရေးနှင့်ပတ်သက်သည့် အထွေထွေဆွေးနွေးပွဲ၌မိန့်ခွန်းပြောကြားစဉ် ယခုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ယင်းမိန့်ခွန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ယနေ့အောက်တိုဘာ(၁၅)ရက်တွင်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင်(၂၀၂၁)ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းပိုမိုဆိုးရွားလာခဲ့ပြီး ယနေ့အထိကလေးသူငယ်(၅)သန်းကျော်အပါအဝင် လူဦးရေ(၁၆.၂)သန်းကျော်သည် အသက်ကယ်အကူအညီများနှင့်ကာကွယ်စောင့်ရှောက်မှုများလိုအပ်နေကြောင်း၊လူဦးရေ(၄)သန်းကျော်မှာလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဦးကျော်မိုးထွန်းကပြောသည်။
ထို့ပြင်ပြီးခဲ့သည့်နှစ်ကလှုပ်ခတ်ခဲ့သည့်ပြင်းအား(၇.၇)ရှိငလျင်ကြီးအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအကြမ်းဖက်စစ်ကောင်စီကလက်နက်သဖွယ်အသုံးချခဲ့ကြောင်း၊စစ်ကိုင်း၊မန္တလေးနှင့် အခြားဒေသများသို့မရှိမဖြစ်လိုအပ်သည့် အကူအညီများရောက်ရှိရေးကိုပိတ်ဆို့ခဲ့သည့်အပြင် အရပ်သားများနေထိုင်ရာဒေသများကို လေကြောင်းမှဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၎င်းကထောက်ပြသည်။
မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် မုတ်သုံရာသီရေကြီးရေလျှံမှုများနှင့် ပြင်းထန်သောဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေချိန်၌လည်း အကြမ်းဖက်စစ်ကောင်စီက“ဖြတ်လေးဖြတ်”မဟာဗျူဟာကိုဆက်လက်ကျင့်သုံးနေကြောင်း၊စားနပ်ရိက္ခာ၊ဆေးဝါးနှင့် နိုင်ငံတကာအကူအညီများပေးပို့နိုင်သည့်လမ်းကြောင်းများကိုပိတ်ဆို့ခြင်းဖြင့် ပြည်သူများအပေါ်ငတ်မွတ်ခေါင်းပါးမှုနှင့်အကူအညီမရရှိမှုကို စစ်ရေးနည်းဗျူဟာတစ်ရပ်အဖြစ်အသုံးချနေကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
ထို့အပြင်စစ်ကောင်စီက ကုလသမဂ္ဂအကူအညီပေးရေးလမ်းကြောင်းများကိုပိတ်ဆို့ထားခြင်းကြောင့် ဒေသခံလူမှုအဖွဲ့အစည်းများနှင့်လူထုအခြေပြုကွန်ရက်များသည် ထိခိုက်ခံစားနေရသည့်ပြည်သူများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အဓိကအားထားရာများဖြစ်လာခဲ့ကြောင်း၊တစ်ချိန်တည်းတွင် နိုင်ငံခြားအကူအညီရန်ပုံငွေကျဆင်းလာမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုအခြေခံအဆောက်အအုံများ ပျက်စီးမှုတို့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေ ပိုမိုဆိုးရွားနေကြောင်း၎င်းကဆိုသည်။
ဘေးအန္တရာယ်ကျရောက်ချိန် ပြည်သူများကိုထိရောက်စွာကာကွယ်နိုင်ရန် အပြည်ပြည်ဆိုင်ရာဥပဒေအရ စည်းနှောင်မှုရှိသည့်စာချုပ်တစ်ရပ်လိုအပ်ကြောင်း ဦးကျော်မိုးထွန်းကပြောဆိုခဲ့သည်။အထူးသဖြင့် အကူအညီပေးသည့်နိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အကူအညီလိုအပ်နေသည့်လူမှုအသိုက်အဝန်းများထံ အမှန်တကယ်ရောက်ရှိနိုင်ရေးအတွက် ဥပဒေအရကာကွယ်ပေးထားသည့် လမ်းကြောင်းများဖော်ဆောင်ပေးရန်လိုအပ်ကြောင်း ၎င်းကတိုက်တွန်းခဲ့သည်။
နောက်ဆုံးတွင်မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ပြည်သူများ၏မျှော်မှန်းချက်နှင့်ကိုက်ညီသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတို့ကိုအကောင်အထည်ဖော်ပြီး တာဝန်ခံမှုနှင့်တရားမျှတမှုရှိလာမှသာ စစ်မှန်သောဘေးကင်းလုံခြုံမှု၊ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့် လူသားဂုဏ်သိက္ခာတို့ကိုပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ဦးကျော်မိုးထွန်းကပြောကြားခဲ့သည်။
Photo - PMMUN




Comments